စစ်ကောင်စီတပ်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်က နာယကဆရာတော် ပျံလွန်တော်မူတာနဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့သူတွေအနေနဲ့ အဖြစ်အမှန်ကို တာဝန်ယူလိုစိတ် သူတော်ကောင်းစိတ်မွေးပြီး ဝန်ခံကာ သံဃာတော်တွေကို တောင်းပန်သင့်ကြောင်း ဒေါက်တာကောဝိဒသိရီ (သီတဂူစတား)က မိန့်ကြားတောင်းဆို လိုက်ပါတယ်။
ဝင်းနိမ္မိတာရုံဆရာတော်ကြီးနဲ့အတူကြွသွားတဲ့ ကန်သုံးဆင့်ဆရာတော်ကြီးက အဖြစ်အပျက် မှန်သမျှကို အကုန်ပြောပြသွားရာမှာ နားထောင်ရင်း ဝမ်းနည်း နှမျှောလို့မဆုံး ဖြစ်ရကြောင်း လွန်ကျူးခဲ့တဲ့သူတွေအတွက်လည်း သနားမိပြီး သူတို့လည်း ချမ်းသာစွာ အိပ်ပျော်နိုင်ကြမယ် မထင်ကြောင်း၊ ဒါဟာ တန်ဖိုးကြီးဆရာတော်ကြီးကို ပြစ်မှားမိတာမို့ အကြံပေးခြင်းသာဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်ကနေ မိန့်ကြားပါတယ်။
ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသနဲ့ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ ဂုဏိကာဘိဝံသတို့ ၂ ပါးဟာ ဇွန် ၁၉ ရက်က မန္တလေး ရွှေကျင်နိကာယ ဗဟိုဌာန အစည်းအဝေး အကြိုညှိနှိုင်း ဆောင်ရွက်ဖို့ ရန်ကုန်မြို့မှ လေယာဉ်နဲ့ တံတားဦးလေဆိပ်ကို ကြွရောက်လာချိန် ကံသုံးဆင့်ဆရာတော် ဇာတိဖြစ်တဲ့ ငါန်းဇွန်မြို့နယ်၊ ပန်းချီကမ္မရွာကို ကားနဲ့သွားရောက်ရာလမ်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဆရာတော် ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။
ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့တာဟာ FAW ကားပေါ်ကနေ စစ်ဗိုလ် စစ်သားတွေ သေနတ်နဲ့ ဝိုင်းပစ်လို့ ဖြစ်တယ်လို့ အပစ်ခံရတဲ့ ကားပေါ်မှာ လိုက်ပါလာတဲ့ပြီး ဒဏ်ရာရခဲ့တဲ့ မျက်မြင်သက်သေ မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘန္ဒန္တဂုဏိကာဘိဝံသက ဇွန် ၂၀ ရက် မနေ့မနက်ပိုင်းက ဝင်းနိမ္မိတာရုံကျောင်းတိုက်မှာ ဆရာတော် သံဃာတော်တွေနဲ့ ပြည်သူတွေကို ရှင်းလင်းမိန့်ကြားခဲ့ပါတယ်။
စစ်ကောင်စီဘက်က မြန်မာရုပ်မြင်သံကြား (MRTV)၊ မြဝတီ၊ ဝါဒဖြန့်ရုပ်သံတွေကတဆင့် PDF တွေ ပစ်ခတ်ခဲ့တာလို့ ကြေညာခဲ့သလို နေ့စဉ်သတင်းစာနဲ့ အွန်လိုင်းတွေမှာလည်း ဝါဒဖြန့် သတင်းတွေ ကားမောင်းသမားရဲ့ ပြောကြားချက်တွေကို ထုတ်ပြန်ခဲ့ပါတယ်။