မန္တလေးတိုင်း၊ မန္တလေးမြို့မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရုံးဌာနအားလုံးကို သက်ဆိုင်ရာဌာနပိုင် စာရွက်စာတမ်းတွေ၊ ရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ ဝန်ထမ်းတွေကို အရေးပေါ် အမြန်ပြောင်းရွှေ့ စီစဉ်ကြဖို့ ဩဂုတ် ၈ ရက် ရက်စွဲနဲ့ ညွှန်ကြားစာတွေ လျှို့ဝှက်ပို့ဆောင်နေတယ်လို့ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေဆီက သိရပါတယ်။
အရေးပေါ်ပြောင်းရွှေ့ဖို့ လိုအပ်တဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူ ဦးစီးမှူးတွေအနေနဲ့ ပြောင်းရွှေ့ဖို့ စီမံချက်တွေ ရေးဆွဲတင်ပြရမှာဖြစ်ပြီး ချက်ချင်းလုပ်ဆောင် အကောင်အထည် ဖော်ဖို့လည်း တပါတည်း ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
အရေးပေါ် အမြန်ပြောင်းရွှေ့မှုနဲ့ ပတ်သက်ပြီး ဘယ်နေရာကို ပြောင်းရွှေ့ရမယ် ဆိုတာကို ညွှန်ကြားထားတာမရှိဘဲ သက်ဆိုင်ရာဌာန ဦးစီးမှူးတွေကပဲ ဌာနအလိုက် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြောင်းရွှေ့ရမယ့်သဘော ဖြစ်နေတယ်လို့ Non CDM ဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။
“ဘယ်ပြောင်းရမယ် ဆိုတာလည်း မပါဘူး၊ ဘာလုပ်ရမယ်ဆိုတာလည်း မပါဘူး။ ကိုယ့်အစီအစဉ်နဲ့ကိုယ် လုံခြုံမယ်လို့ထင်တဲ့နေရာတွေကို အမြန်ပြောင်းကြတော့လို့ အမိန့်ပေးတာပါပဲ။”
ဩဂုတ် ၈ ရက်က ပြင်ဦးလွင်နဲ့ မန္တလေးမြို့တွေကို စစ်ရေးပြင်ဆင်နေတဲ့သတင်းတွေ ထွက်ပေါ်လာနေတာကြောင့် ပြင်ဦးလွင်မြို့က တပ်ထိပ်ပိုင်းနဲ့ ထိပ်ပိုင်းဝန်ထမ်းမိသားစု အများအပြား ပြင်ဦးလွင်မြို့ကနေ ထွက်ပြေးတိမ်းရှောင်မှုတွေ ဖြစ်ခဲ့ပါတယ်။
အလားတူ ပြင်ဦးလွင်မြို့ခံတွေနဲ့ မန္တလေးမြို့ခံတွေကလည်း စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေပြီး အခုညွှန်ကြားစာ ထွက်ပေါ်တာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဖြေရှင်း ပြောကြားထားတာ မတွေ့ရသေးပါဘူး။