ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာ စစ်ကောင်စီက ရွေးကောက်ပွဲအတွက်ဆိုပြီး ဝန်ထမ်းတွေကို ခေါ်ယူကာ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်နဲ့ လေ့ကျင့်မဲပေးခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီက လာမယ့်နှစ်ထဲမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက် စစ်တပ်ထောက်ခံသူတွေ၊ ထွေအုပ်ဝန်ထမ်းတွေ၊ စည်ပင်ဝန်ထမ်းတွေ၊ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စတဲ့ဝန်ထမ်းတွေကို ခေါ်ယူပြီး မြန်မာအီလက်ထရောနစ် (ME VM) မဲပေးစက်နဲ့ လက်တွေ့လေ့ကျင့် စမ်းသပ်မဲပေးတာတွေကို ဇူလိုင် ၉ ရက်က စတင်လုပ်ဆောင်နေတာလို့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
စစ်ကောင်စီ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနဲ့ နီးစပ်သူတယောက်က “မဲပေးတဲ့အခါ စနစ်တကျရှိစေဖို့ဆိုပြီး လက်တွေ့စမ်းသပ် မဲပေးခိုင်းတာ။ လာမယ့်နှစ်ထဲမှာ လုပ်မယ့် ရွေးကောက်ပွဲအတွက်လို့ သိရတယ်။ အခုက မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု မဲပေးခိုင်းတာ။ အရပ်သားတွေတော့ ဒီစနစ်နဲ့ မဲပေးဖို့ ခက်ခဲလိမ့်မယ်” လို့ ပြောပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ရွေးကောက်ပွဲလုပ်မယ်၊ ရွေးကောက်ပွဲလုပ်မယ် ဆိုပြီး ပြင်ဆင်ခိုင်းနေတာ ဟုတ်တယ်။ အရင်ဆုံး သန်းခေါင်စာရင်းလည်း ကောက်ဖို့လုပ်နေတယ်လို့ သိရတယ်။ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲကို ဘယ်ပြည်သူ တဦးတယောက်မှလည်း စိတ်လည်းဝင်စားပုံ မပေါ်ဘူး။ အခု စစ်ကောင်စီက မြန်မာအီလက်ထရောနစ် (ME VM) မဲပေးစက်နဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာ။ စာရွက်ပေါ် တံဆိပ်တုံးနဲ့ ရိုက်တာတောင် လွဲရိုက်တဲ့အဖြစ်တွေ ကြုံခဲ့တာကို စက်နဲ့မဲပေးခိုင်းဖို့ လုပ်နေတာ စိတ်ပျက်စရာလို့ပဲ မြင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက လာမယ့်နှစ်ထဲမှာလုပ်မယ့် ရွေးကောက်ပွဲ အပါအဝင် နိုင်ငံတော် အခမ်းအနားတွေနဲ့ တခြားအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းမရှိတဲ့ ဝန်ထမ်းတွေကို အဆင့်ဆင့် စာရင်းပြုစု တင်ပြခိုင်းထားပြီး ထိရောက်တဲ့ အရေးယူမှုတွေ လုပ်သွားမယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခုနှစ် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ဒုတိယအပတ်ကလည်း ဟင်္သာတခရိုင်ထဲက မြို့နယ်တွေမှာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေကတဆင့် အရပ်သားတချို့နဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို ဖိအားပေး ခေါ်ယူကာ မြန်မာအီလက်ထရောနစ် (ME VM) မဲပေးစက်နဲ့ မဲပေးခိုင်းတာတွေ လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။