Home
မြန်မာသတင်း
လှိုင်းဘွဲ့တွင် ရေဘေးဒုက္ခသည်များအတွက် ရိက္ခာများကို အုပ်ချုပ်ရေးမှူးက မပေးဝေ
DVB
·
August 9, 2024

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်ရှိ ရေဘေးဒုက္ခသည်တွေအတွက် စစ်ကောင်စီခန့် ဝန်ကြီးချုပ်က ပေးသွားတဲ့ ရိက္ခာတွေကို လှိုင်းဘွဲ့မြို့နယ်အုပ်ချုပ်ရေးမှူးက ပြည်သူတွေကို ပေးဝေတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ်မှာ ဇူလိုင် ၂၄ ရက်ကစပြီး မိုးသည်းထန်စွာရွာသွန်းတာကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်ရောက်တဲ့အတွက် အိမ်ထောင်စု ၁၉၀ ကျော်က ရေဘေးရှောင် ၈၀၀ ကျော်ဟာ အောင်ဆန်းခန်းမ၊ ဂျာမေဗလီ၊ အစိုးရမှုလတန်းကျောင်း၊ ရွှေဂွန်းကျေးရွာနဲ့ ကမော့ကချူးကျေးရွာစခန်းတို့မှာ ရေဘေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနဲ့ အဖွဲ့ဟာ ဇူလိုင် ၃၀ ရက်နေ့က‌ ရေဘေးရှောင်တွေကို အောင်ဆန်းခန်းမနဲ့ ကမော့က‌ချူးယာယီရေဘေးရှောင်စခန်းတခုမှာတွေ့ပြီး ဆန်၊ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနဲ့ ဆန်ရိက္ခာဖိုးငွေ ၁၃ သိန်းကျော်ကို ပေးအပ်ခဲ့ပေမဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ဒီနေ့အချိန်အထိ ပေးအပ်ခဲ့တာမရှိသေဘူးလို့ ရေဘေးရှောင်တဦးက ပြောပါတယ်။

“ဇူလိုင် ၃၀ ရက်နေ့ကတည်းက ရေဘေးရှောင်တွေကိုခေါ်ပြီး ဝန်ကြီးချုပ်က ဆန်ထောက်ပံ့ကြေးငွေနဲ့ ရိက္ခာတွေကိုပေးတယ်။ ပြီးတော့ ဓာတ်ပုံတွေဘာတွေရိုက်ကြပြီး ဝန်ကြီးချုပ်ပြန်သွားတာနဲ့ ဝေမယ်လို့ ပြောတယ်။ ပြီးတော့ မဝေပေးတော့ဘဲ ထမင်းထုတ်ပဲပေးပြီးပြန်ခိုင်းတယ်။ ပြီးတော့ ရိက္ခာတွေဟာ လူကြီးတွေလာလို့ ပုံထားတာ အကုန်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းပစ္စည်းနဲ့ ပိုက်ဆံတွေပေါ့။ ပြည်နယ်ဝန်ကြီးက ရေဘေးရှောင်တွေအတွက် မားမားပဲပေးသွားတယ်လို့ ပြောတယ်။ အခုထိ အဲ့မားမားတောင်မရသေးဘူး။”

စစ်ကောင်စီပိုင်မီဒီယာနဲ့ သတင်းစာတွေမှာလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးနဲ့ အဖွဲ့က လှိုင်းဘွဲ့ရေဘေးရှောင်တွေအတွက် ထောက်ပံ့တယ်ဆိုပြီး ရိက္ခာတွေနဲ့ ပိုက်ဆံပေးအပ်တဲ့ ဓာတ်ပုံတွေနဲ့ စာတွေကို ထုတ်ပြန်ခဲ့ပေမဲ့ ရေဘေးရှောင်တွေနဲ့ ထမင်းထုတ်ကလွဲပြီး ဘာပစ္စည်းမှမရခဲ့ဘူးလို့ ‌ရေဘေးရှောင်တွေက ပြောပါတယ်။

လှိုင်းဘွဲ့မြို့နယ် အုပ်ချုပ်ရေးမှူးဦးဝန်းသန်းဟာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ လကုန်အစည်းအဝေးပွဲ‌မှာ ရေဘေးရှောင်တွေကို ရိက္ခာထောက်ပံ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာလည်း ပြည်နယ်က မာမာတမျိုးတည်းသာ ထောက်ပံ့ခဲ့တာဖြစ်ပြီး ကျန်တာ သူ့ပိုင်တဲ့ပစ္စည်းတွေလို့ ပြောဆိုခဲ့ကြောင်း အစည်းအဝေးတက်ရောက်တဲ့ အုပ်ချုပ်ရေးမှူးနဲ့နီးစပ်သူတဦးက ပြောပါတယ်။ 

“လကုန်အစည်းအဝေးပွဲမှာလည်း ခေါက်ဆွဲခြောက်ကလွဲပြီး ကျန်တဲ့ပစ္စည်းတွေအကုန်လုံးက သူ့ဟာဆိုပြီး ပြောတယ်။ ရေဘေးဒုက္ခသည်တွေကော တခြားသူတွေပါ မကျေနပ်လို့ ပြည်နယ်ရုံးကို စာတင်တာတွေလုပ်ကြတာ။ နောက်ပြီး ကရင်ပြည်နယ်ကိုယ်စားပြု သတင်းဌာနတွေကလည်းတင်တော့ လူသိရှင်ကြားဖြစ်သွားတော့ ပြည်နယ်က သူ့ကိုထောင်းတယ်။ ပြီးတော့ စာတွေပို့တယ်။ ဘာပို့လဲဆိုတာသေချာမသိဘူး။ အဲ့တာလည်း ပစ္စည်းတွေမပေးနဲ့ အခုပြည်နယ်ရုံးကို ခဏခဏသွားပြီးဖားတာပဲလုပ်တယ်။” 

ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ရွှေဂွန်း၊ ကမမောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေနဲ့ တောင်းကျရေကျတဲ့အတွက် ဇူလိုင် ၂၄ ရက်ကစပြီး အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း ရေကြီး၊ရေလျှံမှုတွေကြောင့် အိမ်ထောင်စုပေါင်း ၇၃၅၀ ကျော်မှ လူဦးရေ ၂၈၀၀၀ ကျော်က ယာယီကယ်ဆယ်ရေးစခန်းပေါင်း ၆၀ ကျော်နဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ယာယီပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013