ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စုက စစ်မှုထမ်းကိစ္စတွေမှာ အရပ်သားတွေအပေါ် ဖိအားပေးတဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရတာနဲ့ ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံရသူ ၃ ယောက်ကို စစ်ကောင်စီတပ်က တယောက်ကျပ် ၁၅ သိန်း တောင်းယူပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ ကျီးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၄၀ ကျော်အရွယ် မြင့်လွင်ဖြစ်ပြီး ဧပြီ ၁၆ ရက်က နေအိမ်ထဲမှာ တယောက်တည်း ရှိနေတဲ့အချိန် လူငယ်တယောက်က လာရောက်ပြီး ဓားနဲ့ထိုးသွားတာလို့ သိရပါတယ်။
အဲဒီအုပ်ချုပ်ရေးမှူး ဓားနဲ့အထိုးခံရတဲ့ ဖြစ်စဉ်မှာ ပါဝင်တဲ့သူတွေလို့ စွပ်စွဲပြီး ဒေသခံ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဧပြီ ၁၉ ရက်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး မနေ့ သြဂုတ် ၁ ရက်က ပြန်လွှတ်ပေးခဲ့တာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “စစ်ကောင်စီတပ်က ဖမ်းတာ။ အားလုံး ၃ ယောက် အဖမ်းခံရတာ။ အဖမ်းခံရသူတွေကို အချိန်တော်တော်ကြာကြာ ဖမ်းထားပြီး မနေ့က ပြန်လွှတ်ပေးတာ။ ငွေညှစ်တာ မပြောရဲဘူး။ အမှုမဖွင့်တာဘဲ ကျေးဇူးတင်နေရတာ။ ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကိစ္စတွေမှာ ဒေသခံတွေအပေါ် အရမ်းဖိအားပေးတယ်။ အမျိုးသား လူငယ်တွေချည်းပဲ အဖမ်းခံထားရတာ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “စစ်ကောင်စီတပ်က ဖမ်းတာ။ ငွေယူတာက စစ်ကောင်စီတပ်။ အဖမ်းခံရတဲ့ မိသားစုတွေကို အုပ်ချုပ်ရေးမှူးကတဆင့် ငွေတောင်းခိုင်းတာ။ အသက် ၂၀ ကျော် ၃ ယောက်ပါ” လို့ ပြောပါတယ်။
ဓားနဲ့အထိုးခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်ဟာ ပြင်းထန်တဲ့ ဒဏ်ရာ ၂ ချက်ထက်မနည်း ရရှိပြီး လက်ရှိ သာပေါင်းမြို့နယ်၊ အသုတ်မြို့၊ ဒေါင့်ကြီး တိုက်နယ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ ဓားနဲ့အထိုးခံရတဲ့ မကျီးပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးအဖြစ် မခန့်ခင်က ကြံ့ခိုင်ရေးပါတီရဲ့ ကျေးရွာစည်းရုံးရေးမှူးတယောက် ဖြစ်ပြီး အရင်က စစ်မှုထမ်းကိစ္စ၊ ကျေးရွာလမ်းကိစ္စ၊ ဆိုင်ကယ်ဖမ်းတဲ့ကိစ္စနဲ့ ပန်းသပိတ် ကိစ္စတွေမှာ စစ်ကောင်စီတပ်ကို သတင်းအမှားပေးပြီး အရပ်သား အယောက် ၃၀ လောက်ကို ဖမ်းဆီးခိုင်းခဲ့တဲ့သူလို့ ဆိုပါတယ်။
ဧပြီ ၁၂ ရက်ကလည်း ကျုံပျော်မြို့နယ်၊ မဲဂရက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖိုးဆောင်း ဆိုသူ မဲဂရက်-ရှားခဲလမ်းမပေါ်မှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။