ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက တလတကြိမ် ဆက်ကြေးငွေကောက်ပြီး တရားမဝင် ဘက်ရီရှော့ခ်တိုက်နည်းနဲ့ ငါးဖမ်းခွင့် ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက စီးပွားရေလုပ်ငန်းလုပ်သူတွေဆီကနေ တလ ငွေကျပ် ၃ သိန်းကနေ ၅ သိန်းအထိ တောင်းယူပြီး တရားဝင်သဖွယ် ဘက်ရီရှောခ့်တိုက်ငါးဖမ်းနည်းနဲ့ ငါးဖမ်းဆီးခွင့် ပြုထားတာလို့ ဒေသခံတွေက ဆိုပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်က ဒေသခံတယောက်က “ရှော့ခ်တိုက်ငါးဖမ်းတာကို တရားဝင်ပုံစံ ပေါ်ပေါ်တင်တင် လုပ်နေကြတယ်။ မြေပြင်က အုပ်ကြီးတွေက ခွင့်ပြုထားလို့ အခုလို ပေါ်ပေါ်တင်တင် လုပ်တာတဲ့။ စီးပွားဖြစ်ကို လုပ်နေတာ” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမြို့နယ်မှာ အခုလို ဘက်ရီရှော့ခ်တိုက် တရားမဝင် ငါးဖမ်းဆီးတဲ့လုပ်ငန်းကို ကျူချောင်း၊ စခန်းကြီး၊ အုန်းပင်စု၊ ရေလိမ်၊ ကျိုက်ပိ၊ ညောင်တုန်းစု စတဲ့ကျေးရွာတွေနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဘက်မှာ အများဆုံး လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတဦးက “စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ကြပ်ကြပ်မတ်မတ် အရေးမယူဘဲ ပိုက်ဆံတောင်း ခွင့်ပြုထားတာဆိုတော့ အတော်ခက်တယ်။ ရဲတွေ၊ အုပ်ကြီးတွေ အကုန်ပေါင်းလုပ်နေတာ။ ဒီလိုလုပ်နေတော့ ငါးမျိုးတုံးအောင် လုပ်နေတာပဲလို့ ပြောချင်တာ။ ဒါက လုံးဝမလုပ်သင့်သလို ထိရောက်တဲ့ အရေးယူမှုတွေ စစ်ဆေးလုပ်စေချင်တယ်” လို့ ပြောပါတယ်။
မော်လမြိုင်ကျွန်းမှာ အခုလို တရားဝင်ပုံစံနဲ့ တရားမဝင်တဲ့ ဘက်ရီရှော့ခ်တိုက်ငါးဖမ်းတဲ့ လုပ်ငန်းတွေကို ပေါ်ပေါ်တင်တင်လုပ်တာဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ပိုမိုလုပ်လာကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက လစဉ်ကောက်ယူရရှိတဲ့ ငွေတွေထဲက တချို့ကို အပိုင်နယ်မြေရဲစခန်းကို ခွဲပေးရသေးတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။