Home
မြန်မာသတင်း
မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်
DVB
·
August 20, 2024

ရခိုင်ပြည်နယ်မှာ မောင်တောမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အခုလမကုန်ခင် အာရက္ခတပ်တော် (AA) က မြို့ကို သိမ်းပိုက်သွားနိုင်ဖို့ ရှိနေတယ်လို့ ဒေသခံတွေနဲ့ ရခိုင်နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။

မောင်တောမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၃ ခုကို ၁၈ ရက်မှာ AA က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာရှိတဲ့ အဆောက်အဦတွေမှာ တပ်စွဲပြီး ဆက်လက်ခုခံနေတာကြောင့် တိုက်ပွဲတွေက ဆက်ပြီး ပြင်းထန်နေပါတယ်။

စစ်ကောင်စီတပ်တွေဟာ လူနေအိမ်နဲ့ စာသင်ကျောင်းတွေကို တပ်စခန်းအဖြစ် အသုံးပြုနေတယ်လို့လည်း AA ဘက်က ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲက နေ့ရော ညပါ ပြင်းထန်နေတာလို့လည်း ဒေသခံက ပြောပါတယ်။

“ကြားရသလောက်တော့ နေ့ရော ညရော ဖြစ်နေတယ်ပြောတယ်။ မြို့မှာကျန်နေတဲ့သူတွေနဲ့လည်း အဆက်အသွယ်က မရတော့ အတိအကျမသိဘူး။ ဒါပေမဲ့ မြို့ပေါ်မှာရှိတဲ့ စခန်းတွေကိုလည်း သိမ်းပြီးပြီဆိုတော့ ဒီလမကုန်ခင်လောက်တော့ အပြီးသတ်နိုင်မယ်ထင်တယ်။ မြို့ထဲမှာတော့ တော်တော်ပျက်စီးနေပြီလို့တော့ ပြောကြတယ်။”

မောင်တော်မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းအများအပြားကို AA က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ထဲကိုရွှေ့ပြောင်းပြီး ခုခံနေတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မြို့အတွင်း စစ်ကောင်စီဘက်က အင်အားအများအပြား ကျန်သေးပေမဲ့ မြို့ကို ဝိုင်းပတ်ထားပြီး ဖြစ်တာကြောင့် စစ်ကောင်စီအနေနဲ့ ရေရှည်တောင်ခံနိုင်ဖို့တော့ မလွယ်ဘူးလို့ ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက ပြောပါတယ်။

အလားတူ သံတွဲမြို့နယ်ထဲမှာလည်း AA က တပ်စခန်းအားလုံးနီးပါးကို သိမ်းပိုက်ထားပြီး စစ်ကောင်စီရဲ့ လက်ကျန်စခန်းဖြစ်တဲ့ မောင်ရွှေလေး ရေတပ်စခန်းကို ဆက်လက် ထိုးစစ်ဆင်နေတာပါ။

လက်ရှိမှာတော့ AA က ရခိုင်ပြည်နယ် မြို့နယ် ၉ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထားပြီး ပြည်မထွက်ပေါက်ဖြစ်တဲ့ ဂွမြို့နယ်ကို စစ်ရေးက ဆက်လက်ဦးတည်နေတယ်လို့  ရခိုင်နိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013