Home
မြန်မာသတင်း
ကျိုက်ထို၌ စစ်ကောင်စီတပ် စီးနင်းပစ်ခတ်မှုကြောင့် DVB CJ အပါအဝင် သတင်းထောက် ၂ ဦး သေဆုံး
DVB
·
August 22, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဩဂုတ် ၂၁ ရက်က သတင်းသမားတယောက်ရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်း ပစ်ခတ်စဉ် DVB CJ သတင်းထောက်တယောက်နဲ့ အလွတ်တန်း သတင်းထောက်တယောက်တို့ သေဆုံးသွားပါတယ်။

ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ၊ ဓမ္မဒူတဘုန်းကြီးကျောင်းအနီးမှာ ဩဂုတ် ၂၁ ရက် မနက် ၉ နာရီဝန်းကျင်က အလွတ်တန်းသတင်းထောက် ကိုထက်မြက်သူရဲ့ နေအိမ်ကို စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်နဲ့ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တာပါ။

ဒီပစ်ခတ်ခံရမှုကြောင့် ဒေသအခြေစိုက် DVB CJ သတင်းထောက် ကိုဝင်းထွဋ်ဦး(ခ)ဖိုင်ဇယ်၊ အိမ်ပိုင်ရှင်ဖြစ်သူ သတင်းထောက် ကိုထက်မြက်သူနဲ့ နေအိမ်ကို ရောက်ရှိနေတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့တယ်လို့ DVB က စုံစမ်းသိရှိရပါတယ်။

သေဆုံးသွားတဲ့ DVB သတင်းထောက် ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြတ်သူတို့ရဲ့ အလောင်းတွေကို မိသားစုထံ ပြန်မပေးဘဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူက ဆက်ပြောပါတယ်။

“ကျိုက်ထို‌ဆေးရုံကို နေ့လယ် ၁၂ နာရီလောက်မှာ လိုက်သွားတော့ အလောင်း ၂ လောင်းပဲ ရှိတယ်တဲ့။ ဘယ်သူတွေလဲဆိုတာတော့ သူတို့မပြောပြဘူး။ အ‌လောင်းတွေကို နေ့လယ် ၁ နာရီလောက်မှာ ၂ လောင်းနဲ့ ၃ နာရီလောက်မှာ ၂ လောင်း စစ်ကောင်စီက လာရောက်ယူဆောင်သွာပြီး တောင်ကလေးကျေးရွာ သင်္ချိုင်းမှာ မီးသင်္ဂြိုဟ်လိုက်တယ်။”

စစ်ကောင်စီတပ်ဖွဲ့တွေက လာရောက်ပစ်ခတ်တဲ့အချိန် နေအိမ်အတွင်းမှာ သေဆုံးသူ ၄ ယောက် အပါအဝင် စုစုပေါင်း ၇ ‌ယောက်လောက်ရှိနေပြီး ၂ ယောက် ထွက်ပြေးလွတ်မြောက်ကာ အသက် ၇၀ ဝန်းကျင် အဘွားအိုတယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။

“ကိုဝင်းထွဋ်ဦးနဲ့ KRF (ကျိုက်ထိုတော်လှန်ရေးအင်အားစု) တယောက်က အဲဒီအိမ်ထဲမှာပဲ ထိသွားတာ။ ကိုထက်မြက်နဲ့ တခြားတယောက်ကိုတော့ လက်ပြန်ကြိုးတုပ်ပြီး ဒူးထောက်ထိုင်ခိုင်းထားတာ တွေ့လိုက်တယ်။”

ကိုဝင်းထွဋ်ဦးနဲ့ ကိုထက်မြက်သူတို့ဟာ စစ်ကောင်စီရဲ့ လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားထားသလို KRF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ သတင်းသမားတာဝန် ထမ်းဆောင်နေတဲ့ သတင်းထောက်တွေသာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ကိုထက်မြက်သူ နေအိမ်ကို ရောက်ရှိနေတယ်လို့ သတင်းပေး တိုင်ကြားခံရတာကြောင့် အမေးအမြန်းမရှိဘဲ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်စီးနင်းခံရတာလို့ မိသားစုဝင်နဲ့ နီးစပ်သူက ပြောပါတယ်။

မျက်မြင်တွေရဲ့ ပြောပြချက်အရ ကိုထက်မြက်သူ နေအိမ်ကို စစ်တပ်က ဝင်စီးချိန်မှာ နေအိမ်အတွင်းကနေ ခုခံပစ်ခတ်တာမျိုး မရှိသလို ကိုထက်မြက် နေအိမ်ကို ရောက်ရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ယောက်ဟာလည်း မြို့ပေါ် လာရောက်လည်ပတ်တာမျိုး ဖြစ်ပုံရပြီး ယူနီဖောင်းဝတ်ထားတာ၊ လက်နက်တွေ ကိုင်ဆောင်လာတာမျိုး မတွေ့ရဘူးလို့ သိရပါတယ်။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန် ချန်နယ်တွေမှာတော့ တော်လှန်ရေးတပ်ဖွဲ့ဝင် လူငယ် ၄ ယောက်ကို ပစ်သတ်လိုက်တယ်လို့ သေဆုံးသူ ဓာတ်ပုံတွေနဲ့ ရေးသားဖော်ပြထားတာ တွေ့ရပါတယ်။

DVB CJ Network တာဝန်ရှိသူ ကိုအောင်ကျော်က “သတင်းထောက် ၂ ယောက်က ဒီလက်နက်ကိုင်အဖွဲ့က လူတချို့နဲ့ ဘာလို့ရှိနေတာလဲဆိုတဲ့ ‌အဖြေကတော့ ရှင်းပါတယ်။ သတင်းထောက်က ဘယ်သူ့ကိုမဆို ချိတ်ဆက် ဆက်သွယ်ပြီး သတင်းရေးသား တင်ဆက်ရတာ ဖြစ်တယ်။ သူ ရေးသားတဲ့ သတင်းတွေမှာဆိုရင် ‌မြန်မာပြည်တောင်ပိုင်း နေရာတော်တော်များများရဲ့ တပ်ဖွဲ့တာဝန်ရှိသူတွေ အဖွဲ့ဝင်တွေရဲ့ အသံတွေကို ရအောင် မေးမြန်းပြီး ကျင့်ဝတ်နဲ့အညီ သတင်းရေးသားနိုင်တာကို တွေ့ရတယ်။ တခါတလေလည်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ Non CDM ဝန်ထမ်းတွေကိုလည်း ရအောင် မေးမြန်းပြီး သတင်းတွေ ‌ရေးသားနေတာပဲ။ သတင်းထောက်ဆိုတာ ဘယ်သူ့ကိုမဆို ဆက်သွယ်ပြီး အများသိအောင် သတင်းတွေ တင်ဆက်ပေးနေတဲ့သူ။ သေချာပြောနိုင်တာက အခင်းဖြစ်ပွားတဲ့နေရာက ဒေသခံတွေနဲ့ မျက်မြင်တွေ ပြောစကားအရ သတင်းထောက်တွေမှာ လက်နက်မရှိဘူး ဆိုတာကိုတော့ တပ်အပ်ပြောနိုင်တယ်။ စစ်တပ်ဝါဒဖြန့်ထားသလို ဖြစ်စဉ်နဲ့ လုံးဝကွဲပြားနေပါတယ်” လို့ ပြောပါတယ်။

ကိုဝင်းထွဋ်ဦးဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း  ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့လို့ ပုဒ်မ ၅၀၅ နဲ့ ဖမ်းဝရမ်း အထုတ်ခံထားရသူဖြစ်ပြီး ကိုထက်မြက်သူဟာလည်း ၂၀၂၁ ခုနှစ် မတ်လအတွင်းက ဆန္ဒပြပွဲမှာ သတင်းယူရင်းနဲ့ စစ်ကောင်စီက ခြေထောက်ကို သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခြင်း ခံခဲ့ရသူပါ။

သူဟာ သံလွင်တိုင်းမ်သတင်းဌာနမှာ သတင်းထောက် လုပ်ကိုင်ခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာပြီး နောက်မှာလည်း သတင်းထောက် အလုပ်ကိုပဲ ဆက်လက်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ကိုဝင်းထွဋ်ဦးက ပုဒ်မ ၅၀၅ အထုတ်ခံရပြီးနောက် နေရာအနှံ့ကို ရှောင်တိမ်းနေထိုင်ရင်း DVB မှာ CJ မိုကျိုသတင်းသင်တန်းကို တက်ရောက်ပြီးတဲ့နောက် DVB CJ သတင်းထောက်အဖြစ် ပုံမှန် သတင်းတွေ ရေးသားပေးပို့နေသူလည်း ဖြစ်ပါတယ်။

DVB CJ Network တာဝန်ခံ မခင်ရူပါက “ကိုဝင်းထွဋ်ဦးက သင်တန်းဆင်းပြီးချိန် ကတည်းကစလို့ သတင်းထောက်အလုပ်ကို တစိုက်မတ်မတ် လုပ်ကိုင်တယ်။ တကယ်လည်း ကတိကဝတ်ရှိတဲ့ ဂျာနယ်လစ်တဦး ဖြစ်တယ်။ သူဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တိမ်းရှောင်နေတုန်းကလည်း သတင်းရေးသားတဲ့အခါမှာလည်း ဘက်မလိုက်တဲ့ သတင်းတွေကို ရေးသားချင်သူမို့ အမြဲတမ်း အကြံဉာဏ်တွေ တောင်းလေ့ရှိတယ်။ တကယ်လည်း အလားအလာရှိတဲ့ လူငယ်တဦးပါ။ သူက သတင်းတွေ လွတ်လွတ်လပ်လပ် ရေးချင်လို့ မြို့ပေါ်ပြန်တက်နေတဲ့အချိန် အခုလို ပစ်ခတ်ခံရတာပဲ” လို့ ပြောပါတယ်။

အဆိုပါပစ်ခတ်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။ 

DVB သတင်းထောက် ကိုဝင်းထွဋ်ဦး အပါအဝင် သတင်းထောက်တွေ မြေပြင်မှာ အကြမ်းဖက်ခံနေရတာနဲ့ပတ်သက်လို့ တရားမျှတမှု ရရှိစေဖို့နဲ့ လက်နက်မဲ့ သတင်းထောက်တွေပေါ် အကြမ်းဖက်ခံရမှုတွေကို ရှုတ်ချကြောင်း DVB အယ်ဒီတာတယောက်ဖြစ်သူ ကိုပီတာအောင်ကလည်း ပြောပါတယ်။

“ကိုဝင်းထွဋ်ဦးဟာ ငယ်ရွယ်ပြီး ထက်မြက်တဲ့ သတင်းသမားတဦး ဖြစ်တယ်။ သတင်းတွေ ပေးပို့ရမှာလည်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေကို သုံးပြီး သတင်းတွေကို မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ရေးသားပေးပို့လေ့ရှိတဲ့သူ ဖြစ်တယ်။ အခုလို ပဋိပက္ခကာလမှာ CJ သတင်းသမားတွေဟာ အန္တရာယ်တွေကြားကနေ သတင်းသမားတာဝန်ကို ရဲရဲဝံ့ဝံ့ ထမ်းဆောင်နေကြရတာပါ။ ကိုဝင်းထွဋ်ဦးလို အလားအလာရှိတဲ့ လူငယ်မျိုးဆက်သစ် သတင်းသမားတယောက်၊ လုပ်ဖော်ကိုင်ဖက်တယောက် အခုလို အကြမ်းဖက်ပစ်ခတ်ခံရလို့ သေဆုံးသွားတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်ရသလို သတင်းလောကအတွက်လည်း ဆုံးရှုံးမှုတခုလို့လည်း မြင်ပါတယ်။ လက်နက်ကိုင်အချင်းချင်း အပြန်အလှန် ပစ်ကြခတ်ကြလို့ ထိခိုက်သေဆုံးရတာဆိုရင် လက်ခံနိုင်စရာဖြစ်ပေမဲ့ အခုလိုမျိုး ဖမ်းဆီးခံရပြီးမှ ပစ်သတ်ခဲ့တာမျိုး ဆိုရင်တော့ ဒါဟာ တရားဥပဒေပြင်ပ လက်လွတ်စပယ် သတ်ဖြတ်မှု ဖြစ်တယ်။ ဒီအတွက် ကျူးလွန်သူတွေရော အမိန့်ပေးသူတွေပါ တချိန်မှာ တာဝန်ယူ တာဝန်ခံရမှာ ဖြစ်တယ်။ ကိုဝင်းထွဋ်ဦး အပါအဝင် မတရားသတ်ဖြတ်ခံရသူတွေ အားလုံးအတွက် တရားမျှတမှု ရစေချင်ပါတယ်။”

ကိုဝင်းထွဋ်ဦးဟာ အသက် ၂၆ နှစ်ရှိပြီး ကိုထက်မြက်ကတော့ အသက် ၂၈ နှစ်ဝန်းကျင် ရှိပြီ ဖြစ်ပါတယ်။ သူတို့ ၂ ယောက်ဟာ ငယ်သူငယ်ချင်းတွေဖြစ်ပြီး သတင်းထောက် သင်တန်းတော်တော်များများမှာလည်း အတူတက်ရောက်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024