Home
မြန်မာသတင်း
မြတောင်ဗျူဟာစခန်းအပါအဝင် တပ်စခန်း ၇ ခုကို KIA ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်
DVB
·
August 24, 2024
Photo Crd-KPDF တပ်ဖွဲ့ဝင်တဦး
Photo Crd-KPDF တပ်ဖွဲ့ဝင်တဦး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြိုနယ်၊ မြတောင်ကျေးရွာက စစ်ကောင်စီရဲ့ဗျူဟာစခန်းအပါအဝင် တပ်စခန်း ၇ ခုကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ KPDF ဆီက သိရပါတယ်။

KPDF ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “မြတောင်စစ်တပ်ဗျူဟာစခန်းက စစ်ရေးအတွက် အဓိကကျတဲ့ နေရာတခုပါ။ မြတောင်ဗျူဟာတပ်စခန်းအပါအဝင် ပင်လည်ဘူး၊ အင်းတော်၊ ထီးချိုင့် နဲ့ နဘားမြိုနယ်တွေက တပ်စခန်း ၇ ခုကို အပြီးသိမ်းပိုက်နိုင်ပါပြီ” လို့ DVB ကို ပြောပါတယ်။

KIA ပူးပေါင်းတပ်ဖွဲ့တွေဟာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြတောင်ဗျူဟာတပ်စခန်းကို ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့ မနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သြဂုတ် ၂၃ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်မှာတော့ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်စခန်း ၇ ခုလုံးကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

KPDF ရဲ့ တာဝန်ခံတယောက်က “မြတောင်တိုက်ပွဲမှာ စစ်တပ်ဘက်က အသေအပျောက်များတယ်။ ဗျူဟာမှူးနဲ့ သူ့အဖွဲ့က ထွက်ပြေးသွားကြလို့ လိုက်လံရှာဖွေရှင်းလင်းနေပါတယ်။ သူတို့စခန်းတွေဆီကနေ လက်နက်ခဲယမ်းတွေ အများကြီးသိမ်းခဲ့ပါတယ်။ အသေးစိတ်တွေကို အထက်အဖွဲ့အစည်းတွေက ဆက်လက်ပြီးသတင်းထုတ်ပြန်ပေးပါလိမ့်မယ်” လို့ ပြောပါတယ်။

ပင်လည်ဘူးမြို့နဲ့ အင်းတော်မြို့တို့ကိုလည်း မကြာခင်မှာ အပြီးသတ် သိမ်းပိုက် ရရှိနိုင်တော့မယ်လို့လည်း သူက ဆက်ပြောပါတယ်။

အဲဒီ စစ်ကောင်စီတပ်စခန်းတွေကို KIA၊ KPDF နဲ့ ABSDF ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ၅ ကြိမ်ထက်မနည်း ဗုံးကြဲပစ်ခတ်ခုခံကာကွယ်ခဲ့တယ်လို့ သိရပါတယ်။

မြတောင်ဗျူဟာတပ်စခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာထုတ်ပြန်ပြောဆိုလာတာ မတွေ့ရပေမယ့် စစ်တပ်ထောက်ခံသူတွေရဲ့ တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ မြတောင်စစ်တပ်ဗျူဟာစခန်း ကျဆုံးသွားပြီလို့ ရေးသားဖော်ပြနေကြတာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013