ဧရာဝတီတိုင်း၊ မအူပင်မြို့၊ မင်္ဂလာဈေးထဲက စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင် တယောက်နဲ့အလုပ်သမား ၅ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မအူပင်မြို့ မင်္ဂလာဈေးထဲရှိ ဆီဆိုင်က စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်းရှင် ဦးကျော်ဦးနဲ့ အလုပ်သမား ၅ ယောက်ကို စစ်ကောင်စီတပ်က သြဂုတ် ၂၁ ရက်မှာ အင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။
အဖမ်းခံရတဲ့သူနဲ့နီးစပ်သူတဦးက “အခု အဖမ်းခံရတဲ့သူက စက်သုံးဆီရောင်းနေတာ ကြာပြီ။ နှစ်ကို မနည်းတော့ပါဘူး။ ဆီကိစ္စကြောင့် ဖမ်းတယ်လို့ သိရတာပဲ။ စစ်ကောင်စီတပ်က ဈေးထဲမှာကို လာဖမ်းသွားတာ။ သူအပါ အဖမ်းခံရသူတွေက အလုပ်သမားတွေပါ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတဦးက “ဦးကျော်ဦးက အခြားကိစ္စတော့ မရှိပါဘူး။ သူက စက်သုံးဆီ ရောင်းဝယ်ရေး လုပ်နေတဲ့သူလေ။ အဲဒီဆီကိစ္စနဲ့ ဖမ်းတာပဲလို့ သိရတယ်။ ရဲစခန်းမှာ စစ်ဆေးနေတယ်တဲ့” လို့ ပြောပါတယ်။
သြဂုတ် ပထမ အပတ်ကလည်း မအူပင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့တွေက စက်သုံးဆီကို သတ်မှတ်ဈေးနဲ့ ရောင်း၊မရောင်း ဈေးကစားဖို့ရည်ရွယ် သိုလှောင်ခြင်း ရှိ၊ မရှိ၊ ရောင်းချဖို့ သိုလှောင်ထားတဲ့ ဆီတန်ချိန် စတဲ့အချက်တွေကို လိုက်လံစစ်ဆေးခဲ့သေးတယ်လို့ သိရပါတယ်။