ထီးချိုင့်မြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် မြတောင်ဘက်ခြမ်းက စစ်ကောင်စီတပ်သားတွေ မြို့ထဲမှာ သွားပူးပေါင်းခံစစ်ဆင်နေပြီး မတ္တရာနယ်မှာလည်း စစ်ကောင်စီက အင်အားတိုးမြှင့်ချထားသလို လေကြောင်းပစ်ကူနဲ့ နယ်မြေပြန်ထိန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာခရိုင်၊ ထီးချိုင့်မြို့မှာ ဩဂုတ် ၂၀ ရက်နေ့က တကျော့ပြန် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ထီးချိုင့်မြို့တဘက်ကမ်း ဧရာဝတီမြစ်အရှေ့ခြမ်း မြတောင်အရပ်က စစ်ကောင်စီစခန်းတွေကို PDF တွေက သိမ်းယူထားပါတယ်။
မြတောင်ဘက်ကမ်းက စစ်ကောင်စီတပ်သားတွေဟာ မြစ်ကိုဖြတ်ပြီး မြို့ထဲက အင်အားတွေနဲ့ သွားပူးပေါင်းတာကြောင့် စခန်းတွေကို PDF တွေက သိမ်းယူနိုင်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်မြို့မှာ ၂၀၂၃ နိုဝင်ဘာ ၇ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီက မြို့ကို လက်မလွှတ်ဘဲ လေကြောင်းပစ်ကူနဲ့ ထိန်းခဲ့တာကြောင့် အချိန် ၉ လကျော်ကြာတဲ့အထိ PDF တွေက အပြီးသတ်မသိမ်းနိုင်ခဲ့ဘဲ တိုက်ပွဲအချိန်ကြာခဲ့ပါတယ်။
ပျူစောထီး အားကောင်းတဲ့ မြတောင်အရပ်ဟာ တိုက်ပွဲချိန် ၉ လကျော်အတွင်းမှာ ထီးချိုင့်မြို့ထဲက စစ်ကောင်စီတပ်သားတွေကို လက်နက်နဲ့ရိက္ခာထောက်ပို့တဲ့လမ်းကြောင်း ဖြစ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီက လေကြောင်းကနေပဲ ထောက်ပို့နိုင်တော့တဲ့ အခြေအနေ ဖြစ်လာတာပါ။
ထီးချိုင့်မြို့ခံတယောက်က “မြို့ထဲကိုတော့ ရောက်သွားပြီတဲ့။ လေယာဉ်က နေ့တိုင်းကို အမြဲတမ်း ဝဲနေတာ၊ မြတောင်ဘက်ကတော့ ဖောင်တော်ဦးရယ်၊ ဗောဓိကျောင်းတိုက်မှာ နေတဲ့ဟာတွေရယ်၊ တံတားအောက်နားလေးမှာရယ် ရှိပါတယ် အကုန်လုံးသိမ်းပြီးသွားပါပြီ။ လက်နက်ငယ် ပစ်တာကအစ ကြားရပါတယ်။ လေယာဉ်နဲ့ချတာ အရပ်သားတွေ သေတာတွေ၊ မြေတောင်လမ်းဆုံဘက်လေ စဖြစ်တဲ့ ၂၂ ရက်နေ့ ၂ နာရီထိုးလောက်ကို စစ်ရှောင်တဲ့ တဲစုကို ကြဲတယ်။ ၅ ယောက် သေသွားတယ်။ မနေ့က အထုပ် ၄၀ ကျော်တယ်၊ လေယာဉ်နဲ့လာချတာ လေထီးနဲ့ ချထားခဲ့တာလေ” လို့ ပြောပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာတော့ စစ်ကောင်စီက မြေပြင်အခြေအနေ မကောင်းတော့ပေမယ့် မတ္တရာမြို့ကို မစွန့်လွှတ်ရရေးအတွက် တပ်သားအင်အား တိုးချတာ၊ လေကြောင်းပစ်ကူပေးတာ၊ လက်နက်ကြီးနဲ့ ခြိမ်းခြောက်ပစ်ခတ်တာတွေ ဆက်တိုက်ပြုလုပ်နေတာပါ။ မတ္တရာမြို့နယ်တခုလုံးနီးပါးက စစ်ကောင်စီတပ်စခန်းတွေကို PDF တွေက တိုက်ခိုက်သိမ်းယူခဲ့ပြီး မန္တလေးမြို့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့အထိ ဖိအားပေးနေတာကို တွေ့ရပါတယ်။
မတ္တရာPDF က ဦးတိုးက “မတ္တရာစစ်ရေးအခြေအနေက ပြီးခဲ့တဲ့ ၅ ရက်အတွင်းကို လက်နက်ကြီးနဲ့ နေ့တိုင်းထုတယ်ဗျ၊ ဖုန်းလိုင်းတွေ လုံးဝပြတ်တောက်နေတာ၊ မိုင်တဲလ်ကတ်တွေပဲ သုံးလို့ရပြီးတော့ မိုင်တဲလ်ကလည်း အမြဲတမ်းခေါ်လို့မရဘူး၊ ၁၀ ရက်လောက် ရှိသွားပြီ။ အရှေ့ခြမ်းကဆို လုံးဝ အဆက်အသွယ်ပြတ်နေတာ ၄ ရက်ရှိပြီ။ စစ်ရေးအခြေအနေကတော့ ဝသုန္ဒရ၊ မြကန်သာ၊ သရက်ကိုင်း၊ ကျောက်တံတားတောင်ဘက်က စာသင်ကျောင်းထဲ၊ တောင်ပြုံး အဲဒီဘက်တခြမ်းလုံးကို လင်းမြွေချောင်း အပါပေါ့။ စကစနဲ့ ပျူ အင်အား ၅၀၀ လောက်ရှိလိမ့်မယ်။ အင်အားက အဲဒီဝန်းကျင်ရှိတယ် ခန့်မှန်းထားတယ်၊ အဲဒါက အတိုး အဆုတ် အမြဲတမ်းရှိတယ်။ မြေပြင်မှာ သူတို့ ဘယ်လိုမှမယှဉ်နိုင်တော့ဘူး။ ဒါပေမဲ့ သူတို့မှာ ဝေဟင်အားသာချက်ရှိတယ်။ မြေပြင်ထိတွေ့မှု ယူပြီးတော့ မြေပုံအညွှန်းရအောင် ယူမယ်။ မြေပုံအညွှန်းရပြီဆိုတာနဲ့ လေကြောင်းကို လှမ်းပေးမယ်။ လေကြောင်းက လာတိုက်ခိုက်မယ်၊ လေကြောင်းက မလာနိုင်ဘူးဆိုရင် လက်နက်ကြီးနဲ့ပစ်မယ်” လို့ ပြောပါတယ်။
မန္တလေးတိုင်းထဲမှာ တိုက်ပွဲဖော်ဆောင်ဖို့အတွက် ဒေသတွင်း PDF တွေကို မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေက အကူအညီတွေ ပေးခဲ့ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း မြို့သိမ်းတိုက်ပွဲတွေကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ပူးပေါင်းတိုက်ခိုက်နေတာပါ။
စစ်ကောင်စီရဲ့ဗဟိုချက်ဖြစ်တဲ့ နေပြည်တော်တည်ရှိရာ မန္တလေးတိုင်းကို တော်လှန်ရေး အင်အားစုတွေက ပတ်ပတ်လည်ကနေ ဖိအားပေး တိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာ ဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူပေးတဲ့ နည်းလမ်းနဲ့ အခြေအနေကို ထိန်းနေရတာ ဖြစ်ပါတယ်။