မန္တလေးတိုင်း၊ တောင်သာမြို့နယ်က ကျွဲတလင်းကျေးရွာဘုန်းကြီးကျောင်းကို သြဂုတ် ၂၆ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။
တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံတဦးက “တိုက်ပွဲမရှိဘူး။ ည ၈ နာရီလောက် ဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံးအသားလွတ်ချသွားတာ။ ရွာခံအသက် ၂၀ ကျော် ကလေး ၁ ယောက်ဆုံးသွားတယ်။ အမျိုးသမီး ၃ ယောက်နဲ့ အမျိုးသား ၁ ယောက်ကတော့ ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စေတီတော်၊ ဘုန်းကြီးကျောင်းအဆောက်အဦတွေအပြင် စာသင်ကျောင်းဆောင်တွေနဲ့ နေအိမ်တချို့ ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
“အရင်က ဒီကျွဲတလင်းရွာရဲ့ လူဦးရေ ၄ ပုံ ၁ ပုံက လက်နက်ကိုင်ပျူတွေဗျ။ အဲ့ဒီပျူတွေကို ပြီးခဲ့တဲ့လပိုင်းတွေက ကျနော်တို့ရှင်းထားတာ အခုတော့ပျူတွေကင်းစင်နေပါပြီ” လို့ တောင်သာ ပကဖ တာ၀န်ခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်နေတဲ့အတွက် တောင်သာမြို့နယ်က ပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေတူးထားကြဖို့လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
တောင်သာမြို့နယ်ထဲက ဝဲလောင်နယ်မြေရဲစခန်းကိုတော့ ပြည်သူ့ကာကွယ်ရေး တပ်တွေက သြဂုတ် ၂၅ ရက်နေ့၊ ညနေ ၃ နာရီ၀န်းကျင်မှာ ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း ၈ (NRDF) ရဲ့ တာ၀န်ခံတဦးက ပြောပါတယ်။
“Shar Htoo WOW နည်းပညာသုံး Fixed Wing Drone တွေနဲ့ ဗုံးသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့တာ။ အဆောက်အဦ ၂ လုံးကတော့ အတော်လေးပျက်စီးသွားတယ်လို့တော့ ကနဦးသိထားရတယ်။ သူတို့ဘက်ကထိခိုက်သေဆုံးမှုတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။”
အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း (NRDF) နဲ့အတူ တောင်သာ ပကဖ တွေအပါအ၀င် ဒေသတွင်းညီနောင်မဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ခဲ့ကြတာလို့ ဆိုပါတယ်။
ဝဲလောင်နယ်မြေရဲစခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ DVB က တောင်သာမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုသူမရှိပါဘူး။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်ကစတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာ “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation - MDSO)” အဖြစ် ထိုးစစ်ဆင်ပြီး တိုက်ပွဲတွေဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေတာပါ။