Home
မြန်မာသတင်း
သီပေါတွင် စစ်တပ်ကဗုံးကြဲသဖြင့် ဒေသခံ ၂ ဦး သေဆုံးပြီး နေအိမ်များ ပျက်စီး
DVB
·
August 27, 2024
Photo Crd-နယ်စည်းမခြားပရဟိတ(သီပေါ)
Photo Crd-နယ်စည်းမခြားပရဟိတ(သီပေါ)
Photo Crd-နယ်စည်းမခြားပရဟိတ(သီပေါ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမှာ ဩဂုတ် ၂၇ ရက်‌ မနက်အစောပိုင်း ၁ နာရီခွဲနဲ့ ၂ နာရီကြားမှာ စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေပျက်စီးပြီး အရပ်သား ၂ ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“သီပေါ အခြေအနေ မကောင်းဘူး။ တညလုံး လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ အထိအခိုက် မသိရသေးဘူး" လို့ ဒေသခံတယောက်က ပြောပါတယ်။

သီပေါဈေးနားက ဒုဋ္ဌဝတီ လက်ဖက်ရည်ဆိုင် အပေါ်ထပ်မှာ ဗုံးထိမှန်လို့ အုတ်‌စည်းရိုး‌တွေ ပြိုကျကာ ကားပေါ်ပိနေပြီး လူအထိအခိုက် မသိရသေးဘူးလို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။

မနက် ၁ နာရီခွဲလောက် တိုက်လေယာဉ်နဲ့ ကြဲသွားတဲ့ဗုံးဟာ ဧမာနွေလ ဘုရားကျောင်းဝင်းထဲကျပြီး အိမ်တလုံးပျက်စီးခဲ့ပေမဲ့ လူတွေတော့ အသက်ဘေးကင်းတယ်လို့‌ ဆိုပါတယ်။

သေဆုံးသူ အရပ်သား ၂ ဦးမှာ အုတ်ကျင်းက ကိုအောင်နိုင်နဲ့ ဦးဖိုလူ ဖြစ်ပြီး ရင်ခွဲရုံကို ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သီပေါအခြေစိုက် ပရဟိတအသင်းတခုရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ တကြိမ်ကို ၄ လုံးလောက် လာရောက် ဗုံးကြဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

သီပေါဈေးနားက ဒုဋ္ဌဝတီ လက်ဖက်ရည်ဆိုင်၊ ဆောက်လုပ်ရေး၀င်း၊  ဧမာနွေလကျောင်း၊ အမက(၃) ကျောင်းတွေမှာ ဗုံးတွေ ထိမှန်ခဲ့ပြီး မြို့လယ်ရပ်၊ ရွာသစ်၊ အုတ်ကျင်း စ‌တဲ့ ရပ်ကွက် တွေထဲက နေအိမ် တွေပေါ် ဗုံးစတွေ စင်ကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့တွင်းနဲ့ မြို့ပြင်နေရာအနှံ့ ဗုံးအလုံး ၃၀ ကျော် ကြဲချခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

သီပေါမြို့ကို ဩဂုတ် ၁၂ ရက် နောက်ပိုင်းကစ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး မြို့ပြင်ဘက်မှာတော့  စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၃၊  ခြေမြန်တပ်ရင်း ခမရ ၅၀၃ နဲ့  ခမရ - ၅၀၄ တို့ ရှိနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013