ဂါဇာကမ်းမြောင် အလယ်ပိုင်းရှိ ဒေရာလ်ဘာလာမြို့ရဲ့ ဈေးပေါ်ကို အစ္စရေးဗုံးကြဲချမှုကြောင့် သြဂုတ် ၂၀ ရက်က ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီတဲ့ ဒဏ်ရာရသူတွေကို ဒေရာလ်ဘာလာဆေးရုံကို အမြန်ပို့ဆောင်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ဂါဇာဒေသခံ မူဟန်ရှာဘတ်က “ဒီလိုဝင်ရောက်နေရာယူမှုကြောင့် ပြည်သူတွေအပေါ် ဒီလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်တာကို အံ့ဩမနေတော့ဘူး။ ဒါက ရာဇဝတ်မှုဝါဒ၊ လူမျိုးရေး ခွဲခြားတဲ့ မူဝါဒပဲ” လို့ ပြောပါတယ်။
ဒါဟာ ပါလက်စတိုင်းပြည်သူတွေကို နှင်ထုတ်ပြီး ဒူးထောက်ခိုင်းဖို့ ရည်ရွယ်ပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတဲ့ နေတန်ယာဟုရဲ့ ရာဇဝတ်အစိုးရအတွက် ဖုံးဖိပေးနေတဲ့ ရာဇဝတ်ကောင် ဘိုင်ဒင် အတွက် သတင်းစကားပဲ လို့လည်း ဆိုပါတယ်။
သီးခြားကိစ္စအနေနဲ့ သြဂုတ် ၂၀ ရက် အစောပိုင်းမှာပဲ ဂါဇာစီးတီးရဲ့ အနောက်ဘက်ရှိ အိုးအိမ်မဲ့ ပါလက်စတိုင်းတွေ ခိုလှုံနေထိုင်နေတဲ့ မူစတာဖာ ဟာဖက်ဇ် စာသင်ကျောင်းကို အစ္စရေး လေကြောင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီကျောင်းမှာ စစ်ပွဲ စတင်ချိန်ကတည်းက ခုချိန်ထိ စစ်ဘေးဒုက္ခသည်ပေါင်း ၇၀၀ လောက်ကို ထားရှိခဲ့ပြီး ဒီနေရာကို စစ်လေယာဉ်တွေက ပစ်မှတ်ထားခံရတာလို့ ဂါဇာ အရပ်ဘက်ကာကွယ်ရေး ပြောရေးဆိုခွင့်ရှိသူ မာမွဒ် ဘာဆာလ်က ပြောပါတယ်။
စာသင်ကျောင်းရဲ့ အဆောက်အအုံ အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူ အများအပြား ရှိနေပြီးတော့ ဆေးဘက်ဆိုင်ရာနဲ့ အရပ်ဘက်ကာကွယ်ရေး အဖွဲ့ဝင်တွေက အလောင်းတွေ သို့မဟုတ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေပြီး ဆယ်ယူနိုင်သမျှ ပြန်လည်ရယူဖို့ ကြိုးစားနေပါတယ်လို့လည်း သူကဆိုပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာမြို့ စာသင်ကျောင်းဝင်းအတွင်း စိမ့်ဝင်ပြီးတော့ ကြီးကြပ်ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးစင်တာကို လုပ်ဆောင်နေတဲ့ ဟားမတ်စ် စစ်သွေးကြွတွေကို လေတပ်က တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
ဟားမတ်စ်ကတော့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုတယ်ဆိုတဲ့ အစ္စရေးရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ အင်္ဂါနေ့က အီဂျစ်ကို ရောက်ရှိလာပြီး ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေ လွတ်မြောက်ရေး သဘောတူညီချက်အတွက် ဖြစ်နိုင်ခြေရှိတဲ့ တိုးတက်မှုတွေကို တွန်းအားပေးဖို့ အခုသီတင်းပတ်နှောင်းပိုင်းမှာ ဆွေးနွေးပွဲပြုလုပ်ဖို့ စီစဉ်ထားတာ ဖြစ်ပေမဲ့ အဓိက အငြင်းပွားနေတဲ့ အချက်တွေအပေါ် မဖြေရှင်းနိုင်သေးဘဲ ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။
Source-Reuters