မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ ဘုန်းကြီးကျောင်းကို ဩဂုတ် ၂၀ ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ပြည်သူ ၂ ဦး သေဆုံးပြီး ရဟန်း ၁ ပါး အပါအ၀င် ၅ ဦး ထက်မနည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတဦးက “အဲဒီကျောင်းမှာ စစ်ရှောင်တွေ ရှိတယ်။ ဗုံး ၂ လုံး ကြဲသွားပြီး နောက်ထပ်လည်း စက်လတ်နဲ့ လာပစ်သွားတယ်။ ညနေပိုင်းအထိ ပြည်သူ ၂ ဦး နေရာမှာ ဆုံးသွားတယ်။ ကျောင်းက အသက် ၇၀ ဝန်းကျင် ဦးပဥ္စင်းကြီး ၁ ပါး အပါအဝင် ၅ ဦးထက်မနည်း ဒဏ်ရာရထားတယ်” လို့ ပြောပါတယ်။
သေဆုံးသွားကြသူ ၂ ဦးဟာ အသက် ၇၀ ဝန်းကျင် ဦးအောင်ငွေနဲ့ ဦးညိုခတို့ ဖြစ်ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲချမှုကြောင့် ကွမ်းအုံကျေးရွာ ဘုန်းကြီးကျောင်းဝိုင်း အတွင်းက ပင်မကျောင်းဆောင်၊ သိမ်အပါအဝင် တန်ဆောင်းတွေနဲ့ တခြားအဆောက်အအုံ တွေအပြင် အနီးအနားက လူနေအိမ်တချို့လည်း ပျက်စီးကုန်တယ်လို့ ဒဏ်ရာရသူတွေကို ဆေးကုပေးနေသူတဦးက ပြောပါတယ်။
“ကျောင်းမှာရှိနေကြတဲ့ စစ်ရှောင်တွေအပြင် ရွာမှာရှိတဲ့ ရွာခံတွေလည်း နောက်တခေါက် ထပ်လာကြဲမှာ ကြောက်လို့ ပြေးကုန်ကြပြီ။ ဒဏ်ရာရတဲ့သူတွေကိုတော့ ဆေးကုပေးနေပါတယ်။ တချို့တွေက ဒဏ်ရာရကြတာ များတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူ ၂ ဦးလောက်ရှိတယ်။”
သြဂုတ် ၁ဝ ရက်ကစတင်ခဲ့တဲ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့တွေမှာ ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေဟာ အထူးစစ်ဆင်ရေးတွေ ပြုလုပ်နေ ပါတယ်။