ဘီလာရုစ်နိုင်ငံနဲ့ ယူကရိန်းနယ်စပ်မှာ ယူကရိန်းစစ်တပ်က တပ်ဖွဲ့ဝင် ၁၂၀,၀၀၀ ကျော် တပ်စွဲထားပြီး ယူကရိန်းအစိုးရက သူ့နိုင်ငံနယ်စပ်တလျှောက်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးရဲ့ သုံးပုံတပုံနီးပါးကို တပ်ဖြန့်ထားတယ်လို့ ဘီလာရုစ်သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုက သြဂုတ် ၁၈ ရက်မှာ ပြောပါတယ်။
တပ်ဖွဲ့ဝင် ဘယ်နှယောက်ကို တာဝန်ချထားတယ် ဆိုတာကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။
ဘီလာရုစ်နိုင်ငံရဲ့ အမြဲတမ်းစစ်တပ်မှာ တပ်ဖွဲ့ဝင် ၄၈,၀၀၀ လောက်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၂,၀၀၀ လောက်သာ ရှိတယ်လို့ ၂၀၂၂ ခုနှစ် နိုင်ငံတကာ မဟာဗျူဟာလေ့လာရေး စစ်ဘက်ချိန်ခွင်လျှာဆိုင်ရာ အင်စတီကျုက ဆိုထားပါတယ်။
ရိုက်တာသတင်းဌာနရဲ့ မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို ယူကရိန်းအစိုးရက ချက်ချင်း မတုံ့ပြန်ပါဘူး။
နယ်စပ်မှာ ဘီလာရုစ်တပ်တွေ တိုးချဲ့တည်ဆောက်မှု အရိပ်အယောင် မတွေ့ခဲ့ရဘူးလို့ ယူကရိန်းအစိုးရက စနေနေ့မှာ ပြောပါတယ်။
ရုရှားနိုင်ငံ အနောက်ဘက်နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ ယူကရိန်းစစ်သည် ထောင်ပေါင်းများစွာဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ထိပ်တန်း စစ်ဘက်အရာရှိကြီးတွေကို အရှက်ရစေခဲ့ပါတယ်။
သြဂုတ် ၆ ရက်က စတင်ခဲ့တဲ့ ယူကရိန်းရဲ့ ရုရှားနိုင်ငံကို ကျူးကျော်မှုရဲ့ နောက်ခံအကြောင်းအရင်းကို ပူတင်ရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်တဲ့ ဘီလာရုစ်ခေါင်းဆောင်က ဆန့်ကျင်ခဲ့ပါတယ်။
အိမ်နီးချင်း ယူကရိန်းဆီက လက်နက်ကိုင်ရန်စမှု ဖြစ်နိုင်ခြေ မြင့်နေတယ်လို့ ဘီလာရုစ် ကာကွယ်ရေးဝန်ကြီး ဗစ်တာ ခရီနင်က သောကြာနေ့မှာ ပြောပါတယ်။
ဘီလာရုစ်-ယူကရိန်း နယ်စပ်ကို ဘယ်တုန်းကနဲ့မှ မတူအောင် မိုင်းတွေထောင်ထားလို့ ယူကရိန်းတပ်တွေက ဖြတ်ကျော်ဖို့ ကြိုးပမ်းရင် ဆုံးရှုံးမှုကြီးလိမ့်မယ်လို့လည်း လူကာရှန်ကိုက ပြောခဲ့ပါတယ်။
Source-Reuters