စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်လို့ စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မစောတံတားနားက တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ငယ်၊ လက်နက်ကြီးတွေကြောင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၂ ယောက် သေဆုံး၊ ၅ ယောက် ဒဏ်ရာရတယ်လို့ KNU သထုံခရိုင် တာဝန်ရှိသူနဲ့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ ဩဂုတ် ၁၈ ရက် နေ့ မနက်ပိုင်းကစလို့ တိုက်ခိုက်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာကြောင့် ပေါက်တော၊ အင်ကြင်းပင်၊ မဒေါင်းကြီး၊ ရွှေကာ စတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
ဒေသခံတယောက်က “တိုက်ပွဲဖြစ်ရတဲ့ အကြောင်းအရင်းက ဒီလိုဗျ။ မနေ့ဩဂုတ်လ ၁၇ ရက်နေ့ မနက်ခင်းပိုင်းက အင်ကြင်းပင်ကျေးရွာက ကောက်စိုက်မ ၄ ဦးကို မဒေါင်းလှပျူတွေက ဖမ်းဆီးသွားတာကနေ နှစ်ဖက် စစ်ရေးတင်းမာပြီး တိုက်ပွဲစဖြစ်တာ။ အဲဒီလို ပစ်ခတ်မှုတွေဖြစ်ပြီး ဒီနေ့ ဩဂုတ်လ ၁၈ ရက်နေ့မှာ စစ်တပ်က Mi35 နဲ့ ပစ်ခတ်မှု ပြုလုပ်နေတယ်ဗျ။ အခုထိ လေယာဉ်က ပစ်ခတ်နေတာမို့ အထိခိုက်အကျဆုံးကတော့ ဘာမှ မသိရသေးဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီက မဒေါင်းလှရွာအနီးဝန်းကျင်ကို မနက်ပိုင်း ၇ နာရီခွဲနဲ့ ၁၁ နာရီအချိန်လောက်မှာ ပစ်ခတ်ခဲ့တယ်လို့သိရပြီး ပြည်သူ့ကာကွယ်ရေးဘက်က ခဏ နောက်ဆုတ်ထားပေမဲ့ ပျူစခန်းကို သိမ်းနိုင်အောင် ကြိုးစားနေတယ်လို့ အမည်မဖော်လိုတဲ့ တပ်ဖွဲ့ခေါင်းဆောင်တယောက်က ပြောပါတယ်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲမဖြစ်တာ ၂ လလောက် ကြာနေပြီဖြစ်ပြီး အခု ပြန်လည်ဖြစ်ပွားလာတာ ဖြစ်ပါတယ်။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် မစောတံတားနားမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူနဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဘီးလင်းမြို့နယ် မစောတံတား စောင့်တဲ့ စစ်သားတွေကို ဩဂုတ် ၁၇ ရက်နေ့ မနက် ၅ နာရီကျော်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲအပြန်အလှန် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေအတွင်း မစောတံတားနားမှာ ငါးပိုက်ဖော်ဖို့ ရောက်ရှိနေတဲ့ တောင်ကလေးကျေးရွာ ငါးထပ်ပိုင်းက စောမောင်နိုင်ကို စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ ၈ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။
အမှတ် ၄၄ ခြေမြန်တပ်ရင်းဌာနချုပ်လက်အောက်က ခလရ ၈ လက်နက်ကြီးကုန်း ဘီးလင်း မြင်သာတောင်ကလည်း မနက် ၅ နာရီခွဲကစပြီး ကျေးရွာတွေဘက်ကို လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ပြီး တောင်ကလေးကျေးရွာနဲ့ ရွှေအင်ဒုံကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ တောင်ကလေးကျေးရွာ နတ်ကြီးချောင်ပိုင်းမှာနေတဲ့ နော်မိုးမိုးအေး သေဆုံးခဲ့ပြီး စောဒုံးပျံ၊ စောကွယ်ဒူး၊ နော်မနွဲ့၊ နော်မငယ် နဲ့ ရွှေအင်ဒုံကျေးရွာက ဒေါ်မတုတ်တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
KNU သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က “တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်အတွင်း ငါးပိုက်ဖော်တဲ့ ကောင်လေးကို ပစ်သတ်တာရှိတယ်။ နောက်ပြီး မြင်သာတောင် လက်နက်ကြီးကုန်းကလည်း လက်နက်ကြီး ၄ လုံးပစ်တာ ရွာသားတဦး သေပြီး ၅ ဦး ဒဏ်ရာရတယ်။ တဦးကတော့ တင်ပါးတခြမ်းလုံး မရှိတော့တာဆိုတော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
လက်နက်ကြီး ထိခိုက်တာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာများသူ ၂ ဦးတို့ကို ဒေသခံ လူမှုကူညီရေးအဖွဲ့တွေက ဘီးလင်းပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ခဲ့ပြီး အဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ အဘွားအိုတဦးကိုတော့ မော်လမြိုင်ဆေးရုံဆီကို ထပ်မံပို့ဆောင်ပေးခဲ့ပါတယ်။
စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်တွေနဲ့ မီဒီယာတွေမှာတော့ စစ်တပ်က တိုက်ပွဲအတွင်း ဆုတ်ခွာသွားတဲ့ တော်လှန်ရေးအဖွဲ့တွေကို လိုက်လံရှင်းလင်းရာ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက် သေဆုံးခဲ့တယ်လို့ ဓာတ်ပုံနဲ့တကွ ဖော်ပြပေမယ့် ဒေသခံတွေကတော့ အဲဒါဟာ တော်လှန်ရေးတပ်ဖွဲ့ဝင် မဟုတ်ဘဲ ငါးသွားပိုက်ဖော်တဲ့ရွာသား ဖြစ်တယ်လို့ ပြောပါတယ်။
ရွာခံတယောက်က “သူတို့ထုတ်ပြန်တာ ကျနော်တို့လည်း တွေ့တယ်။ ကျနော်တို့ လိုက်စုံစမ်းကြည့်တော့ သေသွားတာက ငါးပိုက်သွားဖော်တဲ့ စောမောင်နိုင်ပါ။ အဲဒါကို ရွာနားက စစ်တပ်လော်ဘီတယောက်က ဓာတ်ပုံရိုက်ပြီး ပို့လိုက်တာ။ သေသွားတဲ့ ရွာသားအလောင်းကို ခုထိတောင် သွားမကောက်ရသေးဘူး။ ရွာသားတွေက ကြောက်ပြီး မကောက်ရဲကြတာ” လို့ ပြောပါတယ်။
ဘီးလင်း၊ မစောတံတားအနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး နှစ်ဖက် ထိခိုက်မှု အခြေအနေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေကို မေးမြန်းထားပေးမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ ဘီးလင်း မြင်သာတောင်ကုန်းက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ၂ ယောက် သေဆုံးပြီး ၅ ယောက် ဒဏ်ရာရသလို နေအိမ် ၁၀ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။