မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် ရော်ဘာခြံ လုပ်သားတယောက် သေဆုံးပြီး မိသားစုဝင် ၅ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
သံဖြူဇရပ်မြို့အခြေစိုက် အမတ ၃၁၅ က ဩဂုတ် ၁၅ ရက်နေ့ ညနေ ၆ နာရီလောက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၅ လုံးဟာ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာအနီးမှာရှိတဲ့ ရော်ဘာခြံထဲ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
လက်နက်ကြီးကြောင့် အသက် ၅၀ အရွယ် ရော်ဘာခြံလုပ်သား ဦးအောင်မြင့် နေရာမှာပဲ သေဆုံးခဲ့ပြီး အသက် ၂ နှစ်အရွယ် မောင်ဝေယံရှိုင်း၊ အသက် ၁၃ နှစ်အရွယ် မမေမြတ်နိုး၊ အသက် ၁၆ နှစ်အရွယ် မဝတ်မှုံဇင်၊ အသက် ၃၂ နှစ်အရွယ် နိုင်လင်းဝေနဲ့ အသက် ၃၆ နှစ်အရွယ် မဖြူဖြူဝင်း တို့ ဒဏ်ရာရရှိခဲ့ပါတယ်။
ရွာခံတယောက်က “ရဲတံခွန်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တော့ ၃၁၅ အမြောက်တပ်က လက်နက်ကြီးနဲ့ လိုက်မှန်းပြီးပစ်တာ။ ရွာနားက ရော်ဘာခြံထဲ ကျတာ။ ရော်ဘာခြံထဲက အလုပ်သမားကတော့ ပွဲချင်းပြီး သေသွားတယ်။ သူ့မိသားစုတွေက ဒဏ်ရာအပြင်းအထန်ရတယ်။ လက်နက်ကြီးက ၁၇ ရက်နေ့ ထိတောင် ပစ်နေတုန်းပဲ” လို့ ပြောပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ သေဆုံးခဲ့သူကို သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံဆီ ဒေသခံ လူမှုကယ်ဆယ်ရေးအသင်းတွေက ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့ပါတယ်။
သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် ဘုရားကုန်းနားမှာ အင်အား ၁၃၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဩဂုတ် ၁၅ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်လောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ယောက် သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ခဲ့ပါတယ်။