ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ်မှာ ၂၀၂၄ ဇူလိုင် ၃ ရက်မှ ၂၇ ရက်ထိ တစ်လနီးပါးကာလအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးလာကြဲတဲ့ ရက်ပေါင်း ၇ ရက်ရှိပြီး ဗုံးဒဏ်ကြောင့် အရပ်သားပြည်သူ ၁၃ ဦးသေဆုံး၊ ၂၄ ဦး ဒဏ်ရာရကာ နေအိမ်နဲ့အ ဆောက်အဦပေါင်း ၄၃ လုံး ပျက်စီးခဲ့တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ဩဂုတ် ၆ ရက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲမှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေကို ရှုံးနိမ့်နေပြီး လက်တုံ့ပြန်တဲ့အနေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ စိုးမိုးသိမ်းပိုက်ထားတဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် နေတာပါ။
သိန္နီမြို့ ရပ်ကွက် ၁ ၊ ၂ ၊ ၃ ၊ ၄ ( ဝိန်းနန်းရပ် ) နဲ့ မိုင်းလီကျေးရွာအုပ်စုတွေမှာ အဓိက ဗုံးကြဲခံရတာဖြစ်ပြီး တိုက်ပွဲမရှိပါဘဲ ဗုံးလာကြဲတာဖြစ်ကြောင်း၊ ပျက်စီးသွားတဲ့ အဆောက်အဦတွေထဲမှာ စာသင်ကျောင်း ၃ ကျောင်း ၊ ပညာရေးမှူးရုံး ၁ ရုံး နဲ့ နေအိမ် ၃၉ လုံးတို့အပြင် သိန္နီဈေးကြီးထဲက ဆိုင်ခန်းတွေပါ ပါဝင်တယ်လို့ ဆိုပါတယ်။
ထိခိုက်မှုအများဆုံးဖြစ်စဉ်ကတော့ ဇူလိုင် ၁၈ ရက်က သိန္နီမြို့မဈေးကြီးထဲ ပေါင် ၅၀၀ အလေးချိန်ရှိ ဗုံးကျရောက်ပေါက်ကွဲတာဖြစ်ပြီး တနေ့တည်း အရပ်သား ၁၀ ဦးသေဆုံး၊ အယောက် ၂၀ ဒဏ်ရာရခဲ့တယ်၊ တချို့မှာ ခန္ဓာကိုယ်အစိပ်အပိုင်း အပိုင်းပိုင်းပြတ်တောက်သွားတယ်လို့ဆိုပါတယ်။
ဇူလိုင် ၂၅ ရက်က ကြဲချတဲ့ဗုံးဟာ ရပ်ကွက် ၂ ထဲကျရောက်ပြီး ကြီးမားတဲ့တွင်းပေါက်ကြီး ဖြစ် သွားတယ်၊ အဆိုပါတွင်းပေါက်ကြီးဟာ ပေါင် ၅၀၀ ဗုံးကြဲခဲ့တဲ့တွင်းပေါက်တွေထက်ကို ပိုကြီးတယ်၊ အဲဒီရပ်ကွက်ထဲက နေအိမ် ၁၀ လုံးလည်း ပျက်စီးခဲ့ပါတယ်။
အဆိုပါဗုံးကြဲမှုတွေဟာ မြောက်ပိုင်းမဟာမိတ်ရဲ့ ၂၀၁၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ခဲ့တဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့ကိုစတင်တိုက်ခိုက်ခဲ့တဲ့ ဇူလိုင် ၃ ရက်မှာ စတင်ခဲ့တာလို့လည်း ရှမ်းလူ့အခွင့်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
Photo-SHRF