Home
မြန်မာသတင်း
ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအချို့ကို စစ်တပ် ဖမ်းဆီး
DVB
·
August 18, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က မြို့နယ်ရဲမှူးနဲ့ ရဲတချို့ကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့ တောင်ပိုင်းရပ်ကွက် ရဲစခန်းရှေ့မှာရှိတဲ့ မြို့နယ်ရဲမှူး နေအိမ်မှာ ဩဂုတ် ၁၆ ရက်နေ့ည ၇ နာရီကျော်လောက်က စစ်သား အင်အားအများအပြားနဲ့ လာရောက်ဖမ်းဆီးသွားခဲ့ပါတယ်။

တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သူတယောက်က “ရဲစခန်းရှေ့မှာရှိတဲ့ မြို့နယ်မှူးအိမ်မှာပဲ စစ်သားတွေက လာဝင်ဖမ်းသွားတာပါ။ PDF တွေနဲ့ ပတ်သက်တယ်။ ဖရဲသီးလုပ်တယ်ဆိုပြီး ဖမ်းသွားတာ။ ရဲစခန်းထဲက ရဲတချို့ကိုလည်း ဖမ်းသွားတယ်။ အခု ရဲစခန်းကို အဝင်အထွက် ကန့်သတ်ထားလို့ ဘယ်ရဲတွေကို ဖမ်းသွားလဲဆိုတာ သေချာမသိသေးဘူး” လို့ ပြောပါတယ်။

မြို့နယ်ရဲမှူး ဦးဇော်ဇော်နဲ့ ရဲတပ်သား ၄ ယောက်ထက်မနည်းကို စစ်သားတွေက ဖမ်းဆီးသွားတယ်လို့ ကျိုက်ထိုမြို့မရဲစခန်းနဲ့နီးစပ်သူတယောက်က ပြောပါတယ်။

“မြို့နယ်မှူးဇော်ဇော်ရော၊ ရဲစခန်းထဲက ရဲတပ်သားအချို့ကို ဖမ်းသွားတာ ဟုတ်ပါတယ်။ ရဲတပ်သားတချို့ဆိုတာ ၄ ဦးလောက် ရှိပါတယ်။ သူတို့က အခုစစ်ကြောရေးမှာ။ ဖမ်းခံရတဲ့‌ ရဲတွေနဲ့ပတ်သက်ပြီး အမှုဖွင့်ထားတာတို့ ဘာတို့ မရှိသေးပါဘူး။  ဖမ်းထားတဲ့လူတွေ တပ်ထဲက စစ်ကြောရေးမှာတော့ သေလောက်အောင် နှိပ်စက်နေတယ်လို့ တပ်ထဲက စစ်သားတွေကတဆင့် သိထားပါတယ်” လို့ ပြောပါတယ်။

ဖမ်းဆီးထားတဲ့ မြို့နယ်မှူး‌ ဇော်ဇော်နဲ့ ရဲတချို့ကို တောင်ကလေးကျေးရွာမှာရှိတဲ့ ကျိုက်ထို တပ်မ ၄၄ ခြေမြန်ဌာနချုပ်မှာ စစ်ဆေးနေပြီး မိသားစုနဲ့ဆက်သွယ်လို့မရသေးဘူးလို့ ရဲစခန်းအသိုင်းအဝိုင်းဆီက သိရပါတယ်။

တပ်မ ၄၄ ဌာနချုပ်က စစ်သားတွေက ရဲတွေကို ထပ်ဖမ်းဖို့ရှိတယ်လို့ ပြောသွားတာကြောင့် ရဲစခန်းတခုလုံး ကြောက်လန့်နေပြီး အရပ်သားတွေကို ရဲစခန်းအတွင်း လုံးဝဝင်ခွင့်မပေးတော့ဘဲ ထောက်ခံစာယူတာကိုတော့ ရဲစခန်းအရှေ့မှာ ပြုလုပ်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်နေ့ကလည်း ကျိုက်ထိုမြို့မရဲစခန်းက ရဲအုပ် ပြည်သူရစိုးကို PDF တွေနဲ့ ပတ်သက်တယ်ဆိုပြီး ကျိုက်ထိုမြို့မြောက်ပိုင်းရပ်ကွက်မှာ စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလကလည်း ကျိုက်ထိုမြို့မရဲစခန်းက နယ်ထိန်းတယောက်၊ ရဲတပ်သားတယောက်နဲ့ ယာဉ်ထိန်းတပ်ကြပ်တယောက်တို့ကို PDF နဲ့ပတ်သက်တယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013