Home
မြန်မာသတင်း
မုံရွာထောင်ထဲကို စစ်တပ်ဝင်ရောက်၊ ထောင်တွင်းအခြေအနေ အဆက်အသွယ်ပြတ်နေ
DVB
·
August 17, 2024

မုံရွာထောင်ထဲကို စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဝင်ရောက်သွားပြီးနောက်ပိုင်း ထောင်တွင်းအခြေအနေတွေ သတင်းအဆက် အသွယ်ပြတ်နေပါတယ်။ 

ဩဂုတ် ၁၃ ရက် မနက်အာရုံမတက်ခင်အစောပိုင်းမှာ စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ထဲကို မုံရွာမြို့တော်ခန်းမမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေဝင်ရောက်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာ ထောင်တွင်းအခြေအနေတွေကို သတင်းထပ်မရသေးဘဲ အဆက်အသွယ်ပြတ် နေတယ်လို့ မုံရွာနယ်ခံ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်အဖွဲ့ဝင်တယောက်က ပြောပါတယ်။ 

စစ်ကောင်စီက နိုင်ငံတဝန်းအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လက်ရှိမုံရွာထောင်အခြေအနေဟာ စိုးရိမ်စရာဖြစ်နေပြီး ပြည်သူတွေက စောင့်ကြည့်ပေးကြဖို့ သူက မေတ္တာရပ်ခံပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ ကိုရှင်းသန့်က “လွန်ခဲ့တဲ့ ၂ ရက်လောက်က ကိုဝေမိုးနိုင်တို့ကနေပြီးတော့ အစာငတ်ခံဆန္ဒပြတဲ့ကိစ္စကို တရားစွဲတဲ့ကိစ္စမှာ မဆိုင်တဲ့သူတွေကို တရားမစွဲဖို့ စာတင်ထားတာပေါ့၊ စာတင်တော့ အခုလက်ရှိ မုံရွာထောင်ထဲမှာ မြို့တော်ခန်းမကစစ်သားတွေရော၊ ရဲမှူးရော တခြားစစ်တပ်ကကောင်တွေရောက်နေတယ်လို့ သတင်းရလို့မို့လို့။ ဝင်လာကတည်းက ဒီကောင်တွေက သေနတ်တွေပါတယ်၊ သူတို့ပြောတဲ့စကား နားမထောင်ရင် ရိုက်တယ် အဲ့လိုမျိုး။ တခုခုဆိုရင် သတ်လိုက်မယ် ဖြတ်လိုက်မယ်ဆိုတဲ့ပုံစံမျိုး ဝင်လာခဲ့ကြတာဖြစ်တယ်။ မုံရွာထောင်ထဲမှာတော့ မရိုက်ဘူးပေါ့လေ။ စစ်ကြောရေးကို ပြန်ခေါ်ပြီးတော့မှ ရိုက်လို့မို့ သေသွားတဲ့သူတော့ရှိတယ်ဗျ။ ထောင်ထဲမှာလည်း တော်တော်ကြီးကို ကျပ်ကျပ်တည်းတည်းနေနေရတယ်။ နိုင်ငံရေးအကျဉ်းသားကိုက ထောင်ဂဏန်းလောက် ရှိမယ်ထင်တယ်ဗျ။ အရင်တုန်းက လူ ၇၀ လောက်ပဲ ထားရမယ့်အဆောင်ကို ကျနော်တို့နေတုန်းကဆို လူ ၁၀၀ ကျော်ထားတာဗျာ။ အခုဆိုပိုဆိုးတာပေါ့” လို့ ပြောပါတယ်။

၂၀၂၃ စက်တင်ဘာ ၈ ရက်က စတင်ခဲ့တဲ့ မုံရွာထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံဆန္ဒပြပွဲ နောက်ဆက်တွဲအဖြစ် ထောင်အာဏာပိုင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကြားထဲမှာ မကျေလည်မှုတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။

စစ်ကိုင်းယူနစ်လွှတ်တော် ဥက္ကဋ္ဌ ဦးမြင့်ထွေးက “လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်တာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအကျဉ်းသားတွေ ယုံကြည်ချက်အပေါ် လုပ်ခဲ့တဲ့သူတွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက်ခဲ့တဲ့ ပုဂ္ဂိုလ်တွေအားလုံးကတော့ ဥပဒေဘောင်ထဲကနေ တရားစွဲဆိုတဲ့ပုံစံမျိုး စီရင်ဆုံးဖြတ်ပေးတဲ့ပုံစံမျိုးပေါ့။ အရပ်ဖက်ခုံရုံးတွေတင်ဖို့ ကြိုးစားရလိမ့်မယ်၊ စီလည်း စီစဉ်မှဖြစ်လိမ့်မယ်ပေါ့။ လူသားမဆန်စွာ ဆောင်ရွက်ခံရတဲ့ အခြေအနေအားလုံးကို ကျနော်တို့ ဥပဒေဘောင်ထဲကနေပြီးမှ တက်လာမယ့် အစိုးရကို လွှတ်တော်ဘက်ကနေပြီး တိုက်တွန်းရမယ်၊ ဥပဒေပြဋ္ဌာန်းရမယ်၊ အထူးဥပဒေတွေ ကျနော်တို့ရေးဆွဲရမယ်၊ လုပ်ကိုလုပ်ရမယ့်အလုပ်တွေဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ယူနစ်အတွင်းမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား တော်လှန်ရေးအကျဉ်းသား ယုံကြည်ချက် အကျဉ်းသားတွေကို နည်းလမ်းပေါင်းစုံနဲ့နှိပ်စက်နေတဲ့ စစ်ကောင်စီအမှုထမ်းအားလုံး ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်အောင် ကျနော်တို့ကြိုးစားပါ့မယ်။ ထင်သလို အလုပ်ခံရတဲ့ဟာကို ထိန်းကျောင်းနိုင်ဖို့ နောက်ထပ် ဒီလိုမျိုးနှိပ်စက်တဲ့ ဝန်ထမ်းယန္တရား မပေါ်ပေါက်အောင်ဆိုတဲ့ ယုံကြည်ချက်နဲ့ အလုပ်လုပ်ကြရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၂၄ မတ်လကုန်ပိုင်းက မုံရွာထောင်ထဲမှာထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်ဇင်နဲ့ ကိုမာန်ဇာမြေမွန်တို့ကို မုံရွာမြို့တော်ခန်းမကို ခေါ်ပြီး စစ်ကောင်စီတပ်သားတွေက ရိုက်နှက်တာကြောင့် ကိုအောင်ကျော်ဇင်သေဆုံးခဲ့ပြီး ကိုမာန်ဇာမြေမွန်ကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ 

စစ်ကောင်စီရဲ့အကြမ်းဖက် ဖမ်းဆီးတာကိုခံခဲ့ရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကိုလည်း စစ်ကောင်စီက နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ပြီး မုံရွာထောင်ထဲမှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013