ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်က ဘုန်းကြီးသင် မိုးပညာဒါနကျောင်းကို စစ်ကောင်စီတပ်က ဩဂုတ် ၁၆ ရက် မနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ် ရွှေကွမ်းစမ်းကျေးရွာအနီးရှိ မိုးပညာဒါနကျောင်းကို မနက်ပိုင်း ၃ နာရီကျော်မှာ ဂျက်တိုက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျောင်းအတွင်းရှိ အသုံးအဆောင်ပစ္စည်းတွေ ပျက်စီးသွားခဲ့တယ်လို့ အခြေအနေကို သိရှိတဲ့ တောင်ကုတ်ဒေသခံတဦးက ပြောပါတယ်။
“မနက်ပိုင်း ၃ နာရီကျော်လောက်မှာ ဂျက်ဖိုင်တာတစီးနဲ့ လာပစ်သွားတာ။ ကျောင်းဝင်းထဲမှာ ဗုံး ၂ လုံးကျတယ်လို့ သိရတယ်။ လူအထိအခိုက်တော့ မရှိဘူး။ ကျောင်းဆောင်တွေ၊ နောက် ကျောင်းသားတွေအတွက် အသုံးပြုတဲ့ ကွန်ပျူတာတွေ၊ တခြား အသုံးအဆောင် ပစ္စည်းတွေ ပျက်စီးသွားတယ်။”
တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့အကြား တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မိုးပညာဒါနကျောင်းဟာ ဒေသတွင်း လူငယ်တွေကို အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ စိုက်ပျိုးရေးနဲ့ စက်မှုလက်မှုပညာတွေကို သင်ကြားပေးနေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတကျောင်း ဖြစ်ပါတယ်။
ဩဂုတ် ၁၄ ရက်ကလည်း တောင်ကုတ်မြို့နယ် ဆားပြင်ကျေးရွာအနီးကို Y-12 လေယာဉ်တစီးနဲ့ ဗုံး ၂ လုံး ကြဲချခဲ့ပြီး အရပ်သားထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကုတ်မြို့နယ်အတွင်းမှာ ဇူလိုင်လဆန်းပိုင်းကသာ တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ပြီး လက်ရှိမှာ ငြိမ်သက်နေဆဲဖြစ်ပါတယ်။
စစ်ကောင်စီက ရခိုင်က မြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မကြာခဏဆိုသလို လေကြောင်းတိုက်ခိုက်နေတာကြောင့် ဒေသခံတွေအနေနဲ့ မိမိလုံခြုံရေးကို မိမိ အထူးဂရုစိုက်ထားသင့်တယ်လို့ ဒေသတွင်း လူမှုရေးတက်ကြွသူတဦးက ပြောပါတယ်။
“ရခိုင်က မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်တာ ဒီတကြိမ်တည်း မဟုတ်တော့ဘူး။ စစ်ကောင်စီ မပြုတ်ကျသရွေ့ ပြည်သူတွေကို သတ်ဖြတ်နေဦးမှာဖြစ်တယ်။ နိုင်ငံတကာ ဆိုတာလည်း ဘာမှ ထိရောက်အောင် ဟန့်တားနိုင်စွမ်းမရှိဘူး။ အပြောပဲရှိတာ၊ အလုပ်မရှိဘူး။ အဲဒါကြောင့် လက်ရှိ ခရီးကြမ်းကို ရခိုင်ပြည်သူတွေအနေနဲ့ မိမိအသက် လုံခြုံရေးကို မိမိဂရုစိုက်ပြီး နေထိုင်သင့်တယ်။”
ပြီးခဲ့တဲ့ ဩဂုတ် ၁၀ ရက်ကလည်း မြောက်ဦးမြို့လယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ရခိုင်မှာ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိနေပြီး နေရပ်စွန့်ခွာနေရတဲ့ ဒေသခံ ၅ သိန်းကျော်ဟာလည်း စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။