Home
နိုင်ငံတကာ
ဂါဇာအပစ်ရပ်ရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အစ္စရေးနှင့် ညှိနှိုင်း
DVB
·
August 19, 2024
Photo - REUTERS/Kevin Mohatt/Pool

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ဩဂုတ် ၁၈ ရက်မှာ အစ္စရေးကို ရောက်ရှိလာပြီး ဂါဇာအပစ်ရပ်ရေးနဲ့ ဓားစာခံလွတ်မြောက်ရေး ထပ်မံကြိုးပမ်းခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ အောက်တိုဘာ အစ္စရေး-ဟားမတ်စ် စစ်ပွဲစပြီးကတည်းက အရှေ့အလယ်ပိုင်းကို ၉ ကြိမ်မြောက်လာတာ ဖြစ်ပါတယ်။

ဘလင်ကန်ဟာ ၁၉ ရက်မှာ အစ္စရေးဝန်ကြီးချုပ်ကို ဆက်လက်ဖိအားပေးခဲ့ပြီး နောက်တပတ်လောက် နောက်ဆုံးထား သဘောတူညီချက်ရဖို့ မျှော်လင့်နေပါတယ်။

နှစ်ဖက်ညှိမရတဲ့ အချက်တွေကို ပြင်ဆင်ထားတဲ့ အဆိုပြုချက်သစ်ကို အမေရိကန်က ချပြထားပြီး အကောင်းမြင်နေပေမဲ့ ကာယကံရှင်တွေကတော့ ပြေလည်မယ့်အခြေအနေ ရှိမနေပါဘူး။

ပြီးခဲ့တဲ့အပတ်က ကာတာနိုင်ငံ၊ ဒိုဟာမှာ ဆွေးနွေးပွဲတွေ ပြန်စနေပေမဲ့ ဟားမတ်စ် အဖွဲ့ကတော့ တိုးတက်တယ်ဆိုတာ ထင်ယောင်ထင်မှားဖြစ်တာလို့ တုံ့ပြန်ခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ကနေ အစ္စရေးတပ်တွေ အပြည့်အဝ ဆုတ်ခွာပေးရမယ်ဆိုတဲ့ ဟားမတ်စ်ရဲ့ တောင်းဆိုချက်မျိုးကို အစ္စရေးဘက်ကလည်း လုံးဝသဘောမတူပါဘူး။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျင်မင် နေတန်ယာဟုဟာ စည်းကမ်းချက်အသစ်တွေ၊ တောင်းဆိုချက်တွေ ထပ်ထပ်ထည့်ပြီး စစ်ရှည်ကြာအောင် လုပ်နေတယ်လို့ ဟားမတ်စ်ဘက်က ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်နဲ့ စစ်သွေးကြွအဖွဲ့တွေ အစ္စရေးနယ်မြေထဲ ဝင်တိုက်ခဲ့တာကြောင့် လူ ၁,၂၀၀ သေဆုံးပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဖမ်းခေါ်ခံခဲ့ရပါတယ်။

အဲဒီနောက် အစ္စရေးဟာ ဟားမတ်စ်ချေမှုန်းရေးအတွက် ဂါဇာကို ထိုးစစ်ဆင်ခဲ့ရာမှာ လူ ၄၀,၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

နိုဝင်ဘာတုန်းက ယာယီအပစ်အခတ်ရပ်စဲစဉ်မှာ ဓားစာခံ ၁၀၅ ဦး ဟားမတ်စ်က လွှတ်ပေးခဲ့ပြီး အစ္စရေးက ပါလက်စတိုင်းအကျဉ်းသား ၂၄၀ လွှတ်ပေးခဲ့ပါတယ်။

လက်ရှိမှာ ဓားစာခံ ၁၁၁ ဦး အဖမ်းခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၉ ဦးက သေပြီလို့ ယူဆရကြောင်း အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013