ဟားမတ်စ်နဲ့ အစ္စရေးတို့ကြား နောက်ဆုံးအကြိမ် အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲဟာ မပြေလည်ဘဲ ကာတာမြို့တော် ဒိုဟာမှာ သောကြာနေ့က ပြီးဆုံးခဲ့ပြီး ဂါဇာမှာ ၁၀ လကြာနေတဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ရည်ရွယ်တဲ့ နောက်ထပ် စေ့စပ်ညှိနှိုင်းမှုတွေအတွက် လာမယ့်သီတင်းပတ် အသစ်မှာ ထပ်ချိန်းဆိုထားပါတယ်။
အမေရိကန်၊ အီဂျစ်နဲ့ ကာတာတို့ရဲ့ ပူးတွဲကြေညာချက်မှာ အစ္စရေးနဲ့ ဟားမတ်စ် တို့ကြား တိုက်ပွဲတွေ အဆုံးသတ်ရေး ဆွေးနွေးပွဲကို အပြုသဘောဆောင်တဲ့ အငွေ့အသက်နဲ့ ဆောင်ရွက် ခဲ့တယ်လို့ သောကြာနေ့က ပြောထားပါတယ်.
အရင်က အဆိုပြုချက်ထဲမှာ အစ္စရေးက နောက်ထပ်စည်းကမ်းချက်တွေ ထပ်ထည့်ထားတယ်လို့ ဆွေးနွေးပွဲမှာ တိုက်ရိုက်မပါဝင်တဲ့ ဟားမတ်စ်တွေက ပြောပြီး အီဂျစ်နဲ့ ဂါဇာနယ်စပ်တလျှောက် တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းထားဖို့နဲ့ အကျဉ်းသားလဲလှယ်ခြင်းဆိုင်ရာ ကန့်သတ်ချက်တွေ ချမှတ်ဖို့ အစ္စရေးက တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
အစ္စရေးက အီဂျစ်- ဂါဇာနယ်စပ်မှာ သူ့စစ်တပ်တွေကိုထားချင်ပြီး ဟားမတ်စ်ကို နှိမ်နင်းပြီးတဲ့အထိ စစ်ပွဲကို ဆက်ဆင်နွှဲချင်နေချိန်မှာ ဟားမတ်စ်တို့က အပြည့်အဝ အပစ်အခတ်ရပ်စဲရေး၊ အစ္စရေးတပ်တွေ ဆုတ်ခွာရေး၊ နေရပ်စွန့်ခွာသူတွေ ပြန်လာရေးနဲ့ အကန့်အသတ်မရှိ အကျဉ်းသားလဲလှယ်ရေးတို့အတွက် ကြိုးပမ်းနေပါတယ်။
ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ မအောင်မြင်ရင် လက်ဘနွန်နဲ့ အီရန်တို့ ပါလာမယ့် ပိုကျယ်ပြန့်တဲ့ စစ်ပွဲဖြစ်လာမှာကို စိုးရိမ်စိတ်တွေ ကြီးထွားလာနေပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အောက်တိုဘာလကစပြီး သေဆုံးသူဦးရေ ၄၀,၀၀၀ ကျော်သွားပြီးတဲ့နောက် ကြာသပတေးနေ့မှာ ဆွေးနွေးပွဲတွေ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှာ စဖြစ်ခဲ့တဲ့ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအတွင်း နောက်ဆုံးရ ကိန်းဂဏန်းတွေအရ ဂါဇာမှာ လူပေါင်း ၉၂,၅၃၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာက ကျန်းမာရေးအာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Source-Reuters