ဂါဇာရှိ သီးခြားဖြစ်ရပ် ၂ ခုမှာ အစ္စရေး ဓားစာခံတဦးကို အစောင့်တယောက်က သတ်ဖြတ်ခဲ့ပြီး တခြားအမျိုးသမီး ၂ ဦးကတော့ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ အယ်လ်ကက်ဆမ် တပ်မဟာမှ ပြောရေးဆိုခွင့်ရှိသူ အဘူ အူဘိုင်ဒါက ဩဂုတ် ၁၂ ရက်မှာ ပြောပါတယ်။
အယ်လ်ကက်ဆမ် တပ်မဟာရဲ့ လူမှုမီဒီယာပို့စ်မှာ သီးခြားဖြစ်ရပ် ၂ ခုမှာ ရန်သူသုံ့ပန်းတွေကို စောင့်ကြပ်ဖို့ တာဝန်ကျတဲ့ တပ်သားသစ် ၂ ယောက်ဟာ ဇီယွန်ဝါဒီ အကျဉ်းသားတဦးကို ပစ်သတ်ခဲ့ပြီး ချက်ချင်းပဲ သေဆုံးသွားခဲ့ကြောင်းနဲ့ အမျိုးသမီး အကျဉ်းသား ၂ ဦး ဒဏ်ရာအပြင်းအထန် ရရှိသွားတာကြောင့် သူတို့ရဲ့အသက်ကို ကယ်ဆယ်ဖို့ ကြိုးပမ်းဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ဇီယွန်ဝါဒီ အကျဉ်းသားတွေရဲ့ အသက်တွေကို ထိခိုက်စေတဲ့ ရလဒ် ထွက်ပေါ်လာစေတဲ့ တုံ့ပြန်မှုတွေအတွက် ရန်သူအစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
အသေးစိတ် အချက်အလက်တွေကို သိရှိနိုင်ဖို့ ကော်မတီတခုဖွဲ့ပြီး နောက်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမယ်လို့လည်း ရေးသားထားပါတယ်။
Source-Reuters