Home
နိုင်ငံတကာ
ဂါဇာစာသင်ကျောင်းကို အစ္စရေးတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံး
DVB
·
August 11, 2024
Photo - Reuters

ဂါဇာကမ်းမြောင်ဒေသရှိ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတဲ့ စာသင်ကျောင်းတကျောင်းကို အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းသား ၁၀၀ ကျော် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ကြောင်း ဟားမတ်စ် အုပ်ချုပ်တဲ့ ဂါဇာအစိုးရက သြဂုတ် ၁၀ ရက် စနေနေ့မှာ ပြောကြားခဲ့ပြီး အစ္စရေးစစ်တပ်ကတော့ ဒီလေကြောင်းတိုက်ခိုက်မှုက ဟားမတ်စ်ကွပ်ကဲမှုစင်တာကို ပစ်မှတ်ထားခဲ့တယ်လို့ ပြောဆိုပါတယ်။ 

စာသင်ကျောင်းမှာ ခိုလှုံနေကြသူတွေ အရုဏ်ဦး ဆုတောင်းပွဲပြုလုပ်နေချိန်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ကြောင်း ဟားမတ်စ်မီဒီယာရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဆေးဘက်ဆိုင်ရာက အလောင်းအားလုံးဆီ မရောက်နိုင်သေးဘူးလို့လည်း ဆိုပြီး ဂါဇာကျန်းမာရေး အာဏာပိုင်တွေဆီက ဘာအချက်အလက်မှ ချက်ချင်းမရရှိသေးပါဘူး။ အစ္စရေးစစ်တပ် ထုတ်ပြန်ချက်မှာ  လေကြောင်းတိုက်ခိုက်မှုဟာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ပုန်းအောင်းနေတဲ့ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစင်တာကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ 

အစ္စရေးစစ်တပ်ဟာ ပစ်မှတ်တိကျတဲ့ လက်နက်ခဲယမ်းတွေ၊ ဝေဟင်မှ ထောက်လှမ်း စောင့်ကြည့်ခြင်းနဲ့ ထောက်လှမ်းရေး အချက်အလက်တွေကို အသုံးပြုခြင်း အပါအဝင် အရပ်သားတွေ ထိခိုက်မှုအန္တရာယ်ကို လျှော့ချနိုင်မယ့် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး ဂါဇာက အသေအပျောက်သတင်းတွေနဲ့ ပတ်သက်ပြီး ချက်ချင်းမှတ်ချက်မပေးပါဘူး။ 

ဟားမတ်စ်ကတော့ ဒီတိုက်ခိုက်မှုဟာ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုဖြစ်ပြီး ဆိုးရွားလိုက်တဲ့ ပြင်းထန်မှု ဖြစ်တယ်လို့ ပြောပါတယ်။ 

အစ္စရေးက စစ်သွေးကြွအဖွဲ့ဟာ စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ သတ်မှတ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဇုန်တွေအတွင်းမှာ နေထိုင်သွားလာနေတဲ့ ဂါဇာရှိ အရပ်သားတွေထဲမှာ စိမ့်ဝင်နေတာလို့ ပြောကြားပြီး အဲဒါကို ဟားမတ်စ်စ်က ငြင်းထားပါတယ်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးဘက်က အရပ်သားအများစု အပါအဝင် လူပေါင်း ၁၂၀၀ သေဆုံးခဲ့ပြီး ဓားစာခံ ၂၅၀ ကျော်ကို ဖမ်းဆီးသွားခဲ့ကြောင်း အစ္စရေးရဲ့ စာရင်းမှာ မှတ်သားထားပါတယ်။ 

အဲဒီအချိန်ကတည်းက ဂါဇာမှာ အစ္စရေးရဲ့ထိုးစစ်ကြောင့် လက်ရှိအချိန်ထိ ပါလက်စတိုင်း ၄ သောင်းနီးပါး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အဲဒီအရေအတွက်ထဲမှာ တိုက်ပွဲဝင်သူနဲ့ အရပ်သားကို မခွဲခြားထားပါဘူး။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024