Home
နိုင်ငံတကာ
ဂါဇာစာသင်ကျောင်းကို အစ္စရေး လေကြောင်းတိုက်ခိုက်၊ ကလေးငယ်အများအပြား သေဆုံး
DVB
·
August 9, 2024
Photo-Reuters

ကာတာ၊ အီဂျစ်နဲ့ အမေရိကန်တို့ရဲ့ ကြားဝင်ဖျန်ဖြေပေးမှုအောက်မှာ ဂါဇာ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲတွေပြန်စဖို့ သဘောတူထားတယ်လို့ အစ္စရေးက ပြောကြားပြီး တဖက်မှာလည်း ဒုက္ခသည်စခန်းတွေနဲ့ စာသင်ကျောင်းတွေကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သြဂုတ် ၈ ရက်က ဂါဇာမှာ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

မူဘောင်သဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့အတွက် အသေးစိတ် အချက်အလက်တွေကို အပြီးသတ်ဖို့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကို သြဂုတ် ၁၅ ရက်မှာ စေလွှတ်မှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ ရုံးခန်းက သောကြာနေ့ အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

ကာတာ၊ အီဂျစ်နဲ့ အမေရိကန် ကြားဝင်ဖျန်ဖြေသူတွေဟာ အဆိုပြုထားတဲ့ သဘောတူညီချက်မှာ ကျန်ရှိနေတဲ့ ကွာဟချက်အားလုံးကို အပြီးသတ်ပြီး နှောင့်နှေးမှုမရှိ အကောင်အထည်ဖော်ဖို့အတွက် အစ္စရေးနဲ့ ဟားမတ်စ်တို့ကို သြဂုတ် ၁၅ ရက်မှာ ဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ တောင်းဆိုထားပါတယ်။

တချိန်တည်းမှာပဲ ဂါဇာဒေသမှာ အစ္စရေးရဲ့ ပြင်းထန်တဲ့ ထိုးစစ်ဆင်မှုကြောင့် အသေအပျောက်တွေ ပိုများပြားလာခဲ့ပါတယ်။

ဂါဇာမြို့တော် အရှေ့ဘက်ရှိ အယ်လ်-ဇာရား အလယ်တန်းကျောင်းနဲ့ အနီးအနားရှိ အဗ္ဗဒယ်လ် ဖာတား ဟာမိုဒါ ကျောင်းကို ပစ်မှတ်ထားပြီး အစ္စရေးစစ်လေယာဉ်တွေက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပါလက်စတိုင်း ၁၈ ဦးထက်မနည်း သေဆုံးပြီး အဲဒီထဲတွေမှာ ခိုလှုံနေကြတဲ့ စစ်ဘေးရှောင် လူပေါင်းဆယ်ချီ ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

အပျက်အစီးတွေအောက်မှာ ပိတ်မိနေသေးတဲ့ တခြားသူတွေကိုလည်း မကယ်ဆယ်ရသေးဘူး လို့ ပါလက်စတိုင်း မြို့ပြကာကွယ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ထောက်လှမ်းရေးအတည်ပြုချက်အရ ဟားမတ်စ် စစ်သွေးကြွတွေ လှုပ်ရှားနေတဲ့ ဂါဇာစီးတီးရဲ့ ထွတ်ဖာရပ်ကွက်ရှိ အဗ္ဗဒယ်လ် ဖာတား ဟာမိုဒါ ကျောင်းနဲ့ အယ်လ်-ဇာရား ကျောင်းတွေမှာ မြှုပ်ထားတဲ့ ဟားမတ်စ်ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစင်တာတွေကို အစ္စရေးလေတပ်က တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဟားမတ်စ်ဟာ အရပ်သားတွေနဲ့ အရပ်ဘက်အဆောက်အဦတွေကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးချနေတယ်လို့ အစ္စရေးက စွပ်စွဲထားပြီး ဟားမတ်စ်တွေကလည်း အဲဒါကို ငြင်းဆန်ထားပါတယ်။

အစ္စရေးဟာ ဂါဇာအလယ်ပိုင်းရှိ အယ်လ်-ဘူရေ့ဂျ်နဲ့ နူဆေရတ် ဒုက္ခသည်စခန်းတွေနဲ့ ဂါဇာတောင်ပိုင်းရှိ ခန်ယိုးနစ်စ်မြို့ကြီးတို့ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း တရားဝင်သတင်းအေဂျင်စီ WAFA က ဖော်ပြပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013