ရုရှားနိုင်ငံ ကို့စ်ခ်ဒေသကို ယူကရိန်း ကျူးကျော်ဝင်ရောက်မှုဟာ အဓိကရန်စမှုတခု ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က သြဂုတ် ၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ပူတင်ဟာ မော်စကိုဧရိယာရှိ သူရုံးစိုက်နေထိုင်ရာ နိုဗို-အိုဂါရ်ယိုဗို အိမ်ရာမှာ အစည်းအဝေး လုပ်နေတာဖြစ်ပြီး ကိယက်ဗ်အစိုးရဟာ နောက်ထပ် ကြီးမားတဲ့ရန်စမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒုံးကျည်တွေ အပါအဝင် လက်နက်အမျိုးအစား အမျိုးမျိုးနဲ့ အရပ်ဘက် အဆောက်အဦတွေ၊ လူနေအဆောက်အဦတွေ၊ လူနာတင်ယာဉ်တွေကို မခွဲခြားဘဲ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ၂ နိုင်ငံအကြားက သဘာဝဓာတ်ငွေ့ပို့လွှတ်ရာ အချက်အချာနေရာအနီး တောင်ပိုင်းနယ်စပ် ဧရိယာထဲကို နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်လာတဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို တိုက်ပွဲတွေ အပြင်းအထန် ဆင်နွှဲကာ ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ စစ်ပွဲစတင်ကတည်းက ရုရှားပိုင်နက်ထဲကို အကြီးမားဆုံး ကျူးကျော်ဝင်ရောက်မှု တခုလည်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံ ကို့စ်ခ်ဒေသရဲ့ ယာယီအုပ်ချုပ်ရေးမှူး အယ်လက်ခ်စီ စမီယာနော့ဗ် ကလည်း ယူကရိန်းရဲ့ တိုက်ခိုက်မှုကြီးတခု ဖြစ်ပွားပြီးနောက်မှာ သမ္မတ ဗလာဒီမာ ပူတင်ကို အစီရင်ခံ တင်ပြခဲ့ကြောင်းနဲ့ ဒေသတွင်း အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။
သမ္မတ ပူတင်က အခြေအနေကို သူ့ကိုယ်ပိုင်ထိန်းချုပ်မှုအောက်မှာ ထိန်းထားပေးပြီး ဒေသရဲ့ နယ်မြေဧရိယာ အားလုံးမှာ အထောက်အပံ့တွေ ရလိမ့်မယ်လို့ အလေးပေး ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
သူတို့ဟာ ဘတ်စ်ကားတွေနဲ့ ကိုယ်ပိုင်ယာဉ်တွေကို အသုံးပြုပြီးတော့ တိုက်ပွဲဇုန်ကနေ လူ ၂၀၀ ကျော်လောက်ကို ကယ်ထုတ်ထားတယ်လို့လည်း ဆိုပါတယ်။
နယ်စပ်ဒေသမှာ အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ ဘယ်လိုအစီအမံတွေ လုပ်ဆောင်ရမယ်ဆိုတာ မရှင်းလင်းသေးဘူးလို့ သူကပြောပါတယ်။
ရုရှားကျန်းမာရေးဝန်ကြီးဌာနက ကလေး ၆ ဦး အပါအဝင် အရပ်သား ၃၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး စစ်တပ်ဘက်က အသေအပျောက်နဲ့ ပတ်သက်တဲ့ ဘာသတင်းအချက်အလက်မှ မရရှိခဲ့ပါဘူး။
ရုရှားပိုင်နက်အတွင်းကို ယူကရိန်း ကျူးကျော်မှုနဲ့ပတ်သက်ပြီး နားလည်ရအောင် အမေရိကန်က ယူကရိန်းစစ်တပ်ဆီ ဆက်သွယ်သွားမယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရင်းန် ယွန်ဖျဲရ်က သြဂုတ် ၇ ရက်မှာ ပြောပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ရန်စမှုတွေကို ခုခံကာကွယ်နေတဲ့အတွက် ယူကရိန်းကို ဆက်လက်ထောက်ခံနေပြီးတော့ ဒီတိုက်ခိုက်မှုတွေကနေ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ သေချာအောင် လုပ်ရတာမျိုးတွေလည်း ရှိတတ်တယ်လို့ ဆိုပါတယ်။
ရုရှားရဲ့ ရန်စမှုတွေကို ခုခံကာကွယ်ဖို့ သူတို့မှာ ဘာတွေလိုအပ်နေမလဲ ဆိုတာလဲ သေချာသိအောင် ဆက်ပြီး အာရုံစိုက်နေမယ်လို့လည်း ပြောသွားပါတယ်။
Source-Reuters