မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်ဝါဒရဲ့ သရုပ်သဏ္ဍာန်အဖြစ် သတ်မှတ်ပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်တိုက်ဖျက်ရေးမှာ ပူးပေါင်း ပါဝင်ပေးဖို့ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီက ရုရှားကို တောင်းဆိုခဲ့တယ်လို့ ရုရှားနိုင်ငံပိုင် Sputnik သတင်းအေဂျင်စီက ဩဂုတ် ၄ ရက်မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံအတွင်း အကြမ်းဖက်ဝါဒ ကိုင်တွယ်ဖြေရှင်းရေးမှာ ရုရှားရဲ့ တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်တွေ ပါဝင်ဆောင်ရွက်လို့ ရနိုင်တဲ့အကြောင်း Sputnik နဲ့ ပြုလုပ်တဲ့ မေးမြန်းခန်းအစီအစဉ်မှာ ဦးခင်ရီက ထုတ်ဖော် ပြောဆိုခဲ့တာပါ။
ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးခင်ရီက “ကျနော်တို့ ရုရှားဆီကနေ အဓိက လိုချင်တဲ့ အကူအညီက အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ ရုရှားအနေနဲ့ ကျနော်တို့နဲ့အတူ လက်တွဲ ပါဝင်ပေးဖို့ပါ။ ဒီလိုလုပ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အရာတွေဟာ ပြည်တွင်း နိုင်ငံရေးဆိုင်ရာ အငြင်းပွားမှုသာမက အကြမ်းဖက်ဝါဒ ဖြစ်တယ်ဆိုတာကိုပါ အရင်ဆုံး နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ရုရှားက အဲဒီလို သတ်မှတ်ပြီးတော့ ရုရှားအေဂျင်စီတွေ၊ ဌာနတွေက ကျနော်တို့နဲ့ ပူးပေါင်းပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ကြမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင်ကို အတူတကွ ရရှိမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ နိုင်ငံတဝန်း ဖြစ်နိုင်ခြေရှိတဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေအားလုံး လုပ်ဆောင်သွားဖို့ ရည်မှန်းထားတဲ့အကြောင်း၊ ဒါပေမဲ့ မကြာသေးခင်ကလည်း ကမ္ဘာတဝန်းရှိ အမျိုးသား လုံခြုံရေး ဆိုင်ရာကိစ္စရပ်တွေဟာ ဒေသတွင်းအဆင့်ကနေ တခါတလေ ကမ္ဘာလုံးဆိုင်ရာ အရေးကိစ္စတွေအထိ ဖြစ်လာတဲ့ အကြောင်းနဲ့ USDP ပါတီအနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းတွေ လုပ်ဆောင်ရာမှာ မိတ်ဖက်ဖြစ်တဲ့ United Russia ပါတီနဲ့အတူ အနီးကပ် လက်တွဲ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ဦးခင်ရီက ထပ်လောင်း ပြောပါတယ်။
အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ ပြည်သူအပေါ် အကြမ်းဖက် သတ်ဖြတ်မှု လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ ဆေးရုံတွေ စာသင်ကျောင်းတွေ ဈေးတွေအပါအဝင် အရပ်ဖက် ပစ်မှတ်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့တော့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်က ပြောမသွားပါဘူး။
၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုရှိတယ်လို့ စစ်တပ်က အကြောင်းပြ အာဏာသိမ်းယူခဲ့တဲ့အပေါ် သန်းပေါင်းများစွာသောပြည်သူတွေက ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆို ရာမှာ စစ်တပ်က အကြမ်းဖက်သတ်ဖြတ် ဖမ်းဆီးနှိမ်နင်းခဲ့တဲ့အတွက် ပြည်သူလူထုက ရရာလက်နက် စွဲကိုင် ခုခံတော်လှန်ကြရာက လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ကလည်း ယာယီသမ္မတအမည်ခံ အာဏာသိမ်းစစ်ခေါင်းဆောင်က အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို အစည်းအဝေးခေါ်ယူပြီး နိုင်ငံတော် အရေးပေါ်အခြေအနေအဖြစ် နောက်ထပ် ၆ လ သက်တမ်းတိုးခဲ့ ပါတယ်။