Home
မြန်မာသတင်း
ဂွမြို့နယ်တွင် တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီက ရေကြောင်းဖြင့် စစ်ကူများဖြည့်တင်း
DVB
·
August 28, 2024

အာရက္ခတပ်တော် (AA) ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဂွမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေကြပြီး စစ်ကောင်စီက ရေကြောင်းအင်အားတွေနဲ့ ဧရာဝတီတိုင်းက တပ်ကူအင်အားတွေကို ဖြည့်တင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အာရက္ခတပ်တော်က ကျိန္တလီမြို့ကို သိမ်းပိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲတွေဟာ ကျောက်ပါးစပ်၊ ဖယ်ခုံ၊ ကုလားပြင်၊ ဆပ်သွားအထိ ရောက်ရှိလာနေပြီး စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေနဲ့ အပြင်းအထန်ကို ခုခံနေတာလို့ ဂွဒေသခံတယောက်က ပြောပါတယ်။

“တိုက်ပွဲက ကျိန္တလီကနေ ဆပ်သွားအထိ ရောက်လာပြီ။ တော်တော်လည်း ပြင်းပြင်းထန်ထန် ဖြစ်နေကြတာ။ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်တွေအထိ ကျတယ်လို့ သတင်းတွေ ကြားနေရတယ်။ စစ်ကောင်စီက ဂွကို ဆုံးရှုံးခံရမှာ ကြောက်နေတာကြောင့် စစ်သင်္ဘော ၈ စီးက အင်အားတွေအပြင် ဧရာဝတီဘက်က စစ်သားတွေ တင့်ကားတွေကပါ ကုန်းလမ်းကနေ စစ်ကူတွေ ပို့နေတာရှိတယ်။” 

ဂွမြို့နယ်အတွင်းမှာ သြဂုတ် ၁၀ ရက်နေ့ကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဧရိယာဟာ မြို့နဲ့ မိုင် ၂၀ ဝန်းကျင်အထိ နီးကပ်လာနေတာဖြစ်ပြီး မြို့အခြေစိုက် တပ်ရင်းတွေမှာလည်း ခံစစ်ပြင်ဆင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်က သံတွဲမြို့နယ် မောင်ရွှေလေးရေတပ်နဲ့ ဂွမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတို့ကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စစ်သင်္ဘော ၈ စီးနဲ့ လူအင်အား၊ စစ်ကူလက်နက်အင်အားနဲ့ ပင်လယ်ပြင် ပစ်ကူတွေ တရစပ် ပေးနေတယ်လို့လည်း သြဂုတ် ၂၇ ရက်နေ့မှာ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဂွမြို့နယ်မှာ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းတွေ ဖြစ်ကြတဲ့ ခမရ ၅၆၂ တပ်ရင်းနဲ့ ခမရ ၅၆၃ တပ်ရင်းတွေမှာလည်း ခံစစ်ပြင်နေတာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ နေ့တိုင်းလိုလို ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် သံတွဲမြို့နယ်မှာ လက်ကျန်တပ်ဖြစ်တဲ့ မောင်ရွှေလေးရေတပ်က စစ်ကောင်စီ တပ်သားတွေဟာလည်း ထွက်ပြေးနေကြရပြီး ရေတပ်ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဂွမြို့နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဝန်ထမ်းတွေ အားလုံး ထွက်ပြေးသွားကြပြီဖြစ်သလို မြို့ခံ သောင်းနဲ့ချီပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013