Home
မြန်မာသတင်း
ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသူများကို ကော့သောင်းပြန်ပို့၊ စစ်မှုထမ်းခိုင်းရန် စစ်တပ်က ခေါ်ဆောင်
DVB
·
August 28, 2024

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျပြီး နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ကော့သောင်းလှေဆိပ်မှာ စစ်တပ်က စစ်မှုထမ်းဖို့  လာရောက်ခေါ်ဆောင်သွားတယ်လို့ နေရပ်ပြန်သူတွေရဲ့ မိသားစုဝင် တွေဆီက သိရပါတယ်။

ထိုင်းနိုင်ငံ ရနောင်းမြို့ လဝကရုံးအချုပ်ထောင်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရတဲ့ မြန်မာနိုင်ငံသား ၁၀၈ ဦးကို သြဂုတ် ၂၆ ရက် မနက် ၁၀ နာရီလောက်မှာ ကော့သောင်းလှေဆိပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ နေရပ်ပြန် ၁၀၈ ဦးကို ကော့သောင်းလှေဆိပ်မှာ ပွဲစားတွေကတဆင့် ဘတ်ငွေ ၂၀,၀၀၀ နဲ့ လာရောက်ထုတ်ယူခိုင်းပြီးတော့ လာမရွေးနိုင်တဲ့သူတွေကို  စစ်တပ်က ညနေပိုင်းမှာ ကော့သောင်း မြို့နယ် ခြောက်မိုင်ရွာအခြေစိုက် ခလရ  ၂၆၂ တပ်ရင်းကို ခေါ်ဆောင်သွားတယ်လို့ ရနောင်းမှာ နေထိုင်တဲ့ မိသားစုဝင် တဦးက ပြောပါတယ်။

“ပွဲစားခက ပြောတာ ဘတ် ၂၀,၀၀၀ နဲ့ ရွေးရမယ်တဲ့၊ အဲဒီ ပိုက်ဆံ ဘယ်မှာသွားရှာရမှာလဲ။ ပွဲစားလက်ထဲရောက်ရင် ပိုက်ဆံချေးပြီးပေးမယ်ပြောတာ သူ(ပွဲစားမ)ဖုန်းပြန်ဆက်တော့ ခလရ ၂၆၂ ထဲ ရောက်သွားပြီးတဲ့။ လူ ၅ ယောက်ကိုတော့ ပွဲစားမက ထုတ်ပေးလိုက်တယ်တဲ့။ ပေးနိုင်သူကတော့အဆင်ပြေတယ်။ ညီမတို့ကျတော့ ခက်ခဲတယ်လေ။ အခုငွေချေးပြီး သွားထုတ်မှရတော့မယ်။ အစ်ကိုကတော့ သူ့ကို လာထုတ်ပေးပါဆိုပြီး ငိုပြီးဖုန်းဆက်ပြောတယ်။ သွားထုတ်ရင်တောင် ညီမတို့ကိုပါ ဖမ်းမှာကြောက်ရတယ်။”  

အဆိုပါ ၁၀၈ ဦးထဲက မွေးကင်းစကလေး နဲ့ မိခင်တဦးတို့အပြင် အသက်မပြည့်သေးတဲ့ လူ ၉ ဦးတို့ကလွဲပြီး ကျန်တဲ့ အမျိုးသား၊ အမျိုးသမီးတို့ကို စစ်တပ်က ခေါ်ဆောင်သွားတယ်လို့ ပွဲစားတွေနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

တပ်ရင်းထဲ ခေါ်သွားတဲ့သူတွေကို အာမခံပေးနိုင်တဲ့တယောက် ပါရတဲ့အပြင် မြန်မာငွေသိန်း ၂၀ နဲ့ လာရောက်ထုတ်ခိုင်းထားပြီး မိသားစုဝင်တချို့လည်း သွားရောက်ထုတ်ယူနေတာရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတက်က တောင်းတဲ့ ငွေပမာဏကို သတ်မှတ်တဲ့ ရက်အတွင်း မပေးနိုင်တဲ့ သူတွေ ကိုတော့ ၂ နှစ်တာ စစ်မှုထမ်းရမယ်ဆိုပြီး ပြောတယ်လို့ သူကဆက်ပါတယ်။

“အစ်မ တယောက်ကတော့ သူ့ အမျိုးသားကို သိန်း ၂၀ နဲ့ရွေးထုတ်လို့ရလာတယ်လို့ ပြောတယ်။ ဒါအင်မတန်ကံကောင်းတယ်လို့ ပြောရမှာပါပဲ။ ဒီလောက် ငွေပမာဏနဲ့ ထုတ်လို့ရတာ အရင်ကဆို ၂ လတခါ၊ ၃ လမှတစ်ခါ ရနောင်းအချုပ်ကနေ လာခေါ်ပါတယ်၊ မြန်မာဘက်က လုံးဝအဆင် မပြေတဲ့ အနေထားပါ” လို့ ပွဲစားနဲ့ ရင်းနှီးသူတဦးက ပြောပါတယ်။

အရင်က ထိုင်းနိုင်ငံဘက်မှာ ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာတွေကို ၂ လမှာ တကြိမ်လောက်သာ လာခေါ်လေ့ရှိပြီး စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်မှာ ပြစ်ဒဏ်ကျခံရတဲ့ မြန်မာတွေကို တလမှာ ၂ ကြိမ်လောက်ထိ ခေါ်ယူလာတယ်လို့ ဆိုပါတယ်။

အလားတူ ဇူလိုင် ၃၀ ရက်နဲ့ သြဂုတ် ၇ ရက်တို့မှာလည်း ရနောင်းအချုပ်ကနေ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေကို ကော့သောင်းလှေဆိပ်မှာ စစ်တပ်က အခုလို လာရောက် ခေါ်ဆောင် သွားပြီး ပိုက်ဆံနဲ့ လာမထုတ်နိုင်တဲ့ လူတွေကို စစ်မှုထမ်းခိုင်းဖို့ လူသစ် စုဆောင်းလိုက်တယ်လို့ နေရပ်ပြန်ပို့ခံရတဲ့သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013