Home
နိုင်ငံတကာ
ထိုင်းတွင် တောချက်အရက်အဆိပ်သင့်ပြီး လူ ၆ ဦးသေဆုံး၊ ၃၀ ကျော် ဆေးရုံတက်ရ 
DVB
·
August 28, 2024
Photo Crd-Khaosod

ထိုင်းနိုင်ငံ ဘန်ကောက်အရှေ့ပိုင်းဒေသမှာ တောချက်အရက်အဆိပ်သင့်တာကြောင့် လူ ၆ ယောက် သေဆုံးသွားပြီဖြစ်ပြီး အယောက် ၃၀ ကျော် ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့  Daily News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက် မင်ဘူရီနယ်မြေရှိ ကားဝါ့ရှော့ပ်ရုံက အလုပ်သမားတွေဟာ ဩဂုတ် ၂၂ ရက်ညက အလုပ်ပြီးတာနဲ့ ဝိုင်းဖွဲ့အရက်သောက်စဉ် တောအရက်အများဆုံး သောက်ခဲ့သူတယောက် မအီမသာဖြစ်ပြီး နောက်နေ့အလုပ်မဆင်းနိုင်ဘဲ ညပိုင်းမှာ သေဆုံးသွားပါတယ်။

နောက်လုပ်ဖော်ကိုင်ဘက် တယောက်ကလည်း အရက်သောက်ပြီး နေမကောင်းလို့ ဆေးရုံသွားတာမှာ ဆေးရုံက ကျောက်ကပ်ဆေးပေးတဲ့နောက်မှ သက်သာရာရခဲ့တယ်လို့ ဆိုပါတယ်။ 

အလားတူ တခြားဆေးရုံတွေမှာလည်း တောအရက်သောက်ပြီး နေမကောင်းလို့ ဆေး ရုံရောက်ရှိ လာသူတွေ ရှိနေတယ်။ 

ထိုင်းဆရာဝန်များအသင်းမှ အလားတူဝေဒနာခံစားနေရသူတွေကို လိုက်လံစုံစမ်းရာမှာ တံဆိပ်တူတောအရက်သောက်လို့ နီးစပ်ရာဆေးရုံတွေမှာ တက်ရောက်ကုသနေသူပေါင်း အယောက်  ၃၀ ကျော်ကို တွေ့ရှိခဲ့ပါတယ်။ 

ထိုင်းဆရာဝန်များအသင်းရဲ့ ဩဂုတ် ၂၈ ရက် ထုတ်ပြန်ချက်အရ တောအရက် အဆိပ်သင့်လူ နာပေါင်း ၃၇ ဦးရှိပြီး ၉ ဦး သက်သာပျောက်ကင်းပြီဖြစ်တယ်။ မနေ့က  ၂ ယောက် ထပ်မံသေဆုံးတာကြောင့် သေဆုံးသူ ၆  ယောက် ရှိသွားပြီလို့ ဆိုပါတယ်။

ဆေးရုံမှာ တက်ရောက်ကုသနေသူ ၂၂ ယောက်ကျန်ရှိပြီး ဖရတ်နားရာ့ချ်ထားနီးဆေးရုံမှာ ၁၁ ယောက်၊ လိုတ်ဆင်ဆေးရုံမှာ တယောက်၊ ရာ့ချ်ဝီထီဆေးရုံမှာ တယောက်၊ ပုဂ္ဂလိကဆေးရုံတွေမှာ ၉ ယောက်ရှိကြောင်း၊ အဲဒီထဲက ၇  ယောက်မှာ အောက်စီဂျင်ပိုက် တပ်ထားရပြီး ကျန်သူတွေကတော့ ကျောက်ကပ်ဆေးတာနဲ့ အားဆေးသွင်းတာတွေ လုပ်နေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စားသုံးသူများကာကွယ်ရေးရဲတပ်ဖွဲ့က ဆေးရည်စိမ်အရက်  ဖြန့်ဖြူးရောင်းချတဲ့ အသက် ၄၉ နှစ်ရွယ်ရှိ ကျေးပူ (ခ) ဖတ်ဆာအာ ရီကျစ်ဆုခ် ဆီရီ  ဆိုသူ အမျိုးသမီးတယောက်နဲ့  တောအရက်ချက်သူ  စူရဆဒ် (၄၆ နှစ်) နဲ့  စူရချိုင်း (၄၄ နှစ်) ဆိုသူ ညီအစ်ကို ၂ ယောက်တို့ကို ဖမ်းဆီးစစ်ဆေးနေပါတယ်။

ကျေးပူက သူတို့မိသားစုဟာ တောအရက်နဲ့တရုတ်တိုင်းရင်းဆေး (သစ်ဥသစ်ဖုနဲ့) ရော စပ်ရောင်းချလာတာ နှစ်ပေါင်း ၃၀ ရှိပြီ၊ ဖော်မြူလာကိုလည်း ဖခင်ထံမှ အမွေရတဲ့အတိုင်း လုပ်ဆောင်ခဲ့တယ်၊ ဘာပြဿနာမှ မရှိခဲ့ဖူးဘူး၊ ဒီနှစ်ဆန်းပိုင်းမှာတော့ ခင်ပွန်းသည်ရဲ့ ဆွေမျိုး တော်စပ်သူ စူရဆဒ်တို့ ညီအစ်ကိုက တောအရက်ချက်ရောင်းနေတာ အားပေးပါဦးဆိုလို့  သူတို့ ဆီက အရက်ဝယ်ပြီး ဖော်စပ်ရောင်းချခဲ့တယ်၊ အရက်ကို သူကိုယ်တိုင် မြည်းစမ်းသောက်ကြည့်ပြီးမှ ရောင်းတယ်လို့ ပြောပါတယ်။

သူရောင်းချခဲ့တဲ့ဆိုင်က အရက်ဝယ်သောက်ပြီး သေဆုံးသူပါရှိတော့ ထိတ်လန့်စိတ်မကောင်းဖြစ်တယ်၊ ဆေးရုံမှာ လူနာသွားမကြည့်ဖြစ်တာကတော့ လူတွေရဲ့ အပြစ်တင်တဲ့ အကြည့်ကို မခံနိုင်လို့ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

သူဟာ အဲဒီအရက်ဆေးရည်တွေကို ခလောင်းဆမ်ဝါး၊ မင်ဘူရီ၊ လတ်ကဘန်၊ ပရဝေ့ချ်၊ ခန်နာယောင်း စတဲ့နယ်မြေရှိ ဆိုင်ပေါင်း ၁၈ ဆိုင်မှာ ဖြန့်ဖြူးခဲ့တယ်လို့  ဖွင့်ဟဝန်ခံခဲ့ပါတယ်။ 

ဒါကြောင့် အဆိုပါနယ်မြေရှိ ဆေးစိမ်အရက်ဝယ်သောက်ခဲ့သူတွေအနေနဲ့ နီးစပ်ရာဆေးရုံမှာ သွားရောက်စစ်ဆေးကြဖို့ ကျန်းမာရေးဌာနက တိုက်တွန်းလှုံ့ဆော်ထားပါတယ်။ 

ထိုင်းကျန်းမာရေးဝန်ကြီးဌာနက အဆိုပါဆေးစိမ်အရက်ကို ဓာတ်ခွဲကြည့်ရာမှာ မီသာနော ဓာတ်ပါဝင်မှု ၁၀၀၀၀၀ PBM ရှိပြီး ပုံမှန်အရက်မှာ ၁၀၀၀ PBM သာရှိတာကြောင့် အဆပေါင်း ၁၀၀ ပိုများနေတယ်လို့ ဆိုပါတယ်။ 

တောအရက်ချက်ရောင်းတဲ့ အဓိက တရားခံ ညီအစ်ကို ၂ ဦးကတော့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်လို့ ဘာမှဖွင့်ဟဝန်ခံတာမရှိသေးကြောင်း၊ စားသုံးသူများကာကွယ်ရေးဌာနကတော့ ထုတ်လုပ်ဖော်စပ်ရောင်းချတဲ့ သူတို့ ၃ ဦးကို တရားမဝင်အရက်ချက်မှု၊ စားသုံးသူများ အန္တရာယ်သင့်စေမှု စတာတွေနဲ့ စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။ 

Source:  Daily News / Workpoint News / Khaosod 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013