ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဖွေ့ထိုင်းပါတီကို လွှမ်းမိုးကြိုးကိုင်နေတဲ့အတွက် ဥပဒေနဲ့မညီဘူး ဆိုပြီး ဖျက်သိမ်းဖို့ တိုင်ကြားခံထားရပါတယ်။
ဒီလိုတိုင်ကြားမှုဟာ လွဲမှားနေတယ်လို့ ဖွေ့ထိုင်းပါတီ အမတ်တွေရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဝီဆုချိန်နာရွန်းက ဝေဖန်လိုက်ပါတယ်။
ဖွေ့ထိုင်းပါတီ ဖျက်သိမ်းရေးအတွက် ရွေးကောက်ပွဲကော်မရှင်က အခြေခံဥပဒေခုံရုံးကို တင်ပြပေးဖို့ တယောက်ယောက်က တိုင်ကြားခဲ့တယ်လို့ သိရှိထားကြောင်း ဝီဆုက ပြောပါတယ်။
ပါတီဝင်မဟုတ်တဲ့ သက်ဆင်က ပါတီကို လွှမ်းမိုးနေတာကြောင့် ဥပဒေနဲ့မညီတဲ့အတွက် ဖျက်သိမ်းသင့်တယ်လို့ အမည်မဖော်တဲ့ တိုင်ကြားသူက စွပ်စွဲထားတာ ဖြစ်ပါတယ်။
ပါတီက သက်ဆင်ရဲ့ အမိန့်တွေကို လက်ခံနေတာမျိုးဖြစ်မှသာ လွှမ်းမိုးချုပ်ကိုင်တယ်လို့ ပြောလို့ရမယ်လို့ ဝီဆုက မှတ်ချက်ချပါတယ်။
သက်ဆင်က ချိုင်ကာဆမ် နီတီဆီရီကို ဝန်ကြီးချုပ်နေရာထားဖို့ အကြံပေးခဲ့ပေမဲ့ ဖွေ့ထိုင်းပါတီအမတ်တွေကတော့ နောက်ဆုံး ဖဲထောင်ထန်း ရှင်နာဝပ်ကို အဆိုပြုခဲ့တယ်လို့ ဝီဆုက ပြောပါတယ်။
ဒါကြောင့် သူ့အမြင်အရ သက်ဆင်ဟာ ပါတီကို အမိန့်ပေးနေတာမျိုး မရှိဘူးလို့ ဖြေရှင်းပါတယ်။ ပါတီအစည်းအဝေးတွေမှာ လာတက်ရင်လည်း အမိန့်ပေးတာမျိုး တခါမှ မရှိဘူးလို့ဆိုပါတယ်။
အင်တာဗျူးတွေမှာ ဝန်ကြီးချုပ်ဟောင်း တယောက်အနေနဲ့ သူ့အမြင်တွေ ပြောတာသာဖြစ်ပြီး ပါတီက သူ ပြောတာမှန်သမျှလိုက်နာတယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘူးလို့ ဆိုပါတယ်။
နိုင်ငံရေးပါတီများဆိုင်ရာ ဥပဒေအရ ပါတီဝင်မဟုတ်တဲ့သူတဦးဟာ ပါတီကို ထိန်းချုပ်၊ လွှမ်းမိုး၊ ညွှန်ကြားတာဟာ တရားမဝင်ဘူးလို့ ပြဋ္ဌာန်းထားပါတယ်။
အဲဒီအချက်ကို ကိုကားပြီး အမည်မဖော်လိုသူက ရွေးကောက်ပွဲကော်မရှင်ကို ဩဂုတ် ၁၉ ရက်ကတည်းက တိုင်ကြားခဲ့တာလို့ သိရပါတယ်။
Source-Reuters