ထိုင်းတောင်ပိုင်း ဖူးကက်မြို့ ကရွန်အုပ်စုထဲမှာ ဩဂုတ် ၂၃ မနက်က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုမှာ မြန်မာအလုပ်သမား ၉ ဦး အပါအဝင် စုစုပေါင်း ၁၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၉ ဦးရှိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့က အပျက်အစီးပုံတွေကြား ပျောက်ဆုံးနေသူတွေကို ၂ ရက်ကြာ ရှာဖွေခဲ့ရာမှာ ဩဂုတ် ၂၄ ရက် မွန်းလွဲပိုင်းမှာ အားလုံးရှာဖွေတွေ့ရှိပြီး ရှာဖွေရေးလုပ်ငန်း အဆုံးသတ်ကြောင်း ဖူးကက်ခရိုင်ဝန်က ကြေညာပါတယ်။
မြေပြိုမှုမှာ သေဆုံးသူပေါင်း ၁၃ ဦးရှိကြောင်း၊ မြန်မာအလုပ်သမား ၉ ဦး (အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ ဦး)၊ ရုရှားနိုင်ငံသား ဇနီးမောင်နှံ ၂ ဦးနဲ့ ထိုင်းနိုင်ငံသား ၂ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
အဆိုပါရပ်ကွက်မှာ တောင်ခြေနဲ့ တောင်စောင်းမှာရှိပြီး အခင်းမဖြစ်ခင်ညက မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မနက် ၅ နာရီ လူတွေ အိပ်မောကျချိန်မှာ တောင်ကျရေတွေနဲ့အတူ မြေပြို ကျလာခဲ့ပါတယ်။
မြေပြိုဧရိယာကျယ်ဝန်းပြီး ကရွန်အုပ်စု ရပ်ကွက် ၁/၂/၃/၄ မှာ နေအိမ် အလုံး ၅၀ ကျော်ပျက်စီးတယ်၊ ဒါ့အပြင် ရာဝိုင်အုပ်စု ရပ်ကွက် ၁-၂ နဲ့ ချလောင်အုပ်စု ရပ်ကွက် ၈-၉-၁၀ တွေမှာပါ မြေပြိုပြီး စုစုပေါင်း ရပ်ကွက် ၉ ခုက အိမ်ခြေ ၂၀၉ လုံး ပျက်စီးခဲ့တယ်၊ မိသားစုဝင် ၂၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဖူးကက်ခရိုင်ဝန် နိုင်းဆိုဖွန်းဆူဝနရတ်က မြေပြိုကျတဲ့အဓိကနေရာမှာ တောင်ပေါ်က ကြီးမားတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးတည်ထားတဲ့ ဘုန်းကြီးကျောင်းအနောက်ဘက်မှာ ဖြစ်တယ်၊ အဆောက်အဦ ဆောက်လုပ်မှု စည်းစနစ်မကျလို့ ယူဆရတယ်၊ သဘာဝဘေးဒဏ်သင့်ပြည်သူတွေကို အမြန်ဆုံး ကူညီကယ်ဆယ်ဖို့၊ သေဆုံးသူတွေရဲ့ နာရေးကိစ္စနဲ့ နစ်နာကြေးဆောင်ရွက်ဖို့ သက်ဆိုင်ရာကို ညွှန်ကြားထားပါတယ်။
ရုရှားနိုင်ငံသား ၂ ဦး နာရေးကိစ္စ သက်ဆိုင်ရာ ရုရှားသံရုံးနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ဖြစ်ပြီး မြန်မာအလုပ်သမား ၉ ဦးကိစ္စမှာ သက်ဆိုင်ရာ အလုပ်ရှင်နဲ့ ခရိုင်အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးတို့ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားခဲ့ပါတယ်။
လူမှုကွန်ရက် ဖော်ပြချက်အရ သေဆုံးသူ မြန်မာအလုပ်သမားအများစုမှာ တနင်္သာရီတိုင်း ထားဝယ်ခရိုင်က ဖြစ်ပြီး လောင်းလုံမြို့နယ် ကမျောကြီးကျေးရွာမှ ကိုကျော်လွင် (၄၉ နှစ်)၊ ထားဝယ် မြို့သစ် ၃ ရပ်ကွက်မှ မချိုယဉ်သန်း ( ၂၅ နှစ်)၊ လောင်းလုံမြို့နယ် မောင်းမကန်ရွာမှာ အိအိဖြိုးလှိုင် (၂၇ နှစ်)၊ အောက်ရေဖြူရွာမှ မလဲ့လဲ့စန်း (၄၅ နှစ်)၊ လောင်းလုံမြို့နယ်မှ မမျိုးမြတ်မြတ်အေး (၂၅ နှစ်)၊ အောက်ရေဖြူရွာမှ ကိုအောင်ပိုင်ဖြိုး (၂၅ နှစ်) နဲ့ မအိအိစန်း (၂၄ နှစ်)တို့ ဇနီးမောင်နှံ၊ ထားဝယ်ကြက်စာပြင်မှ ကိုဇေယျာထိုက် (၃၀ နှစ်ခန့်)နဲ့ အိပ်ရာထဲ လဲနေတဲ့ သက်ကြီးရွယ်အိုလူမမာ ၁ ဦးတို့ ပါဝင်တယ်လို့ ဆိုပါတယ်။
သေဆုံးသူတွေရဲ့ နာရေးအသုဘကို ဖူးကက် ဝပ်ချလွန်နဲ့ ကတဘုန်းကြီးကျောင်းမှာ ထားရှိမှာဖြစ်ပြီး လောလောဆယ် ဝချလဆေးရုံကနေ အလောင်းတွေထုတ်ယူဖို့ ဆောင်ရွက်နေတယ်လို့ လိုက်ပါကူညီဆောင်ရွက်နေသူက DVB ကို ပြောသွားပါတယ်။
Source:Thairath/ ThaiPBS