ထိုင်းနိုင်ငံ၊ နကော့ပထုံခရိုင်၊ ကန်ချနပူလီမြို့ရှိ ကြံခင်းတခုမှာ စက်ချို့ယွင်းပြီး ညာဘက်လက် ဖြတ်လိုက်ရတဲ့ မြန်မာအလုပ်သမားရဲ့ အထောက်အထားတွေကို သူဌေးဖြစ်သူက သိမ်းဆည်းထားတယ်လို့ အလုပ်သမားကူညီရေးအဖွဲ့ဆီက သိရပါတယ်။
အသက် ၃၈ နှစ်အရွယ် ကိုမျိုးဇော်က ပြီးခဲ့တဲ့မေ ၁၁ ရက်က အဆိုပါကြံခင်းမှာ စက်ချိုးယွင်းပြီး ထိခိုက်ဒဏ်ရာရကာ ညာဘက်လက် တံတောင်ဆစ်လောက်အထိ ဖြတ်လိုက်ရတာပါ။
ကာယကံရှင်အလုပ်သမားက “ထိခိုက်ဒဏ်ရာရတဲ့နေ့မှာ သူဌေးက ကန်ချနပူရီဆေးရုံကို ပို့ပေးတယ်။ ဆေးကုသမှုစရိတ် ဘတ် ၁၄၀၀၀ ရှင်းပေးတယ်။ အဲဒီနေ့ကလွဲပြီး ကျန်ဘာထောက်ပံ့မှုမှ မရဘူး။ အထောက်အထားတွေကိုလည်း သူဌေးကသိမ်းထားတယ်” လို့ ပြောပါတယ်။
သူဌေးဘက်က သိမ်းဆည်းထားတဲ့ အထောက်အထားတွေကို ပြန်လည်ရယူဖို့ သက်ဆိုင်ရာဌာနတွေဆီ တိုင်ကြားပြီး ဆောင်ရွက်သွားမယ်လို့ အလုပ်သမားကူညီရေးအဖွဲ့မှ ကိုမုန်တိုင်းက ပြောပါတယ်။
“ကျနော်တို့ဘက်က အထောက်အထားရှိမှ အဲဒီအမှုကိစ္စကို ဆက်လုပ်ရမှာ။ သူဌေးက CI စာအုပ်လုပ်တာ တဦးကို ဘတ် ၇၀,၀၀၀ ပေးရတယ်လို့ပြောပြီး အလုပ်သမားတွေဆီက ပိုက်ဆံဖြတ်တာတွေလည်း ရှိတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူအပေါ်မှာလည်း ဆက်ပြီး တာဝန်ယူမှု မရှိဘူး။ ထိခိုက်ဒဏ်ရာရသူအပေါ် အခြေအနေစောင့်ကြည့်ပြီး ရှေ့ဆက်ဆောင်ရွက်သွားမှာပါ” လို့ ပြောပါတယ်။
မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ အာမခံမှုရှိပြီး ယုံကြည်စိတ်ချရတဲ့ အေဂျင်စီနဲ့ စာချုပ်ချုပ်ပြီး လာရောက်အလုပ်လုပ်ကိုင်ကြဖို့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) က တိုက်တွန်းထားပါတယ်။