ထိုင်းနိုင်ငံ အလယ်ပိုင်း၊ ရာ့ချ်ပူရီခရိုင်မှာ မြန်မာအလုပ်သမားတွေကို ပွဲစားတွေက ထိုင်းအလုပ်ရှင်တွေနဲ့ ပူးပေါင်းကာ အလုပ်သွင်းပေးခ စမတ်ကြေး အဆမတန် တောင်းပြီး သူတို့ သွင်းပေးတဲ့ အလုပ်ရုံ၊ စက်ရုံတွေမှာ အလုပ်သမား အခွင့်အရေး များစွာ ချိုးဖောက်ခံနေရတယ်လို့ ကာယကံရှင် အလုပ်သမားတွေဆီက သိရပါတယ်။
အလုပ်သမားတွေကို ပွဲစားတွေက ရာ့ချ်ပူရီ ခရိုင်ထဲက အုန်းသီးစက်ရုံတခုကို အလုပ်သွင်းပေးခ တဦးကို ဘတ် ၅၅၀၀ ကနေ ၆၅၀၀ အထိ တောင်းပြီး အလုပ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ အုန်းသီးစက်ရုံတွင်းမှာ တရက်ကို အလုပ်ချိန် ၁၈ နာရီထက်မနည်း အလုပ်လုပ်ရပြီး အလုပ်နားချိန်လည်း ခဏသာ အနားပေးတယ်လို့ ဆိုပါတယ်။
အလုပ်သမားတွေကို လုပ်အားခ ပြည့်ပြည့်ဝဝ မရှင်းပေးတာ၊ လုပ်အား မတန်တဆခိုင်းတာ၊ အလုပ်ချိန် များပြားလွန်းတာနဲ့ လုပ်ငန်းခွင်အတွင်း သေနတ်ပြ ချိန်းခြောက်တာတွေ စတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများစွာ ကြုံနေရတယ်လို့ ကာကယံရှင် အလုပ်သမားတွေက ပြောပါတယ်။
အုန်းသီးစက်ရုံ အလုပ်သမ တဦးက “အလုပ်က ပုတ်ပြတ်ဆိုပေမယ့် ပိုက်ဆံ မထွက်ဘူး။ ဘာလို့လဲဆိုတော့ မနက်ခင်း ၅ နာရီကနေ အလုပ်ဆင်းပြီဆိုရင် နေ့ခင်း ထမင်းစားချိန်လည်း နားချိန် သိပ်မပေးဘူး။ မနက်ခင်း ၅ နာရီကနေ ည ၁ နာရီ၊ ၂ နာရီမှ ပြီးတယ်။ အဲဒါကို ပိုက်ဆံ တနေ့ကို ဘယ်လောက်မှ မရဘူး။ ၁၅ ရက်ကိုမှ ဘတ် ၁၀၀၀၊ ၂၀၀၀ ကျော် အဲ့လောက်ပဲ ထွက်တယ်။ အဲဒီက သူဌေးက ပိုက်ဆံကို သူပေးချင်သလောက်မှ ပေးတယ်။ ပိုက်ဆံထွက်လည်း မမှန်ဘူး။ သူပေးတာကို မယူဘဲ အလုပ်သမားတွေဘက်က ပြောတယ်ဆိုရင် သေနတ်ထုတ်ပြီး သေနတ်နဲ့ ခြိမ်းခြောက်တယ်။ တုတ်တွေ ဘာတွေ ယူပြီး တုတ်တွေနဲ့ ရိုက်မလို လုပ်တယ်။ အဲဒီညက မောင်းထုတ်လိုက်တာ အယောက် ၃၀ ကျော်တယ်။ အဲ့ အုန်းသီးရုံမှာ အလုပ်လုပ်တာတော့ ကမ္ဘောဒီးယားတွေရော မြန်မာတွေရောဆို အယောက် ၁၀၀ ကျော်တယ်။ သူဌေးက သမီးတို့ကို ညတွင်းချင်း နှင်ထုတ်ပြီး ပုလိပ်တိုင်ပြီး ပုလိပ် ဖမ်းခိုင်းတယ်”လို့ ပြောပါတယ်။
အလုပ်သမားတွေဟာ ထိုင်းနိုင်ငံတွင်းမှာ နေထိုင် အလုပ်လုပ်ကိုင်ခွင့်၊ အထောက်အထား မရှိတာကြောင့် အခုလို အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေဆီ မတိုင်ကြားရဲဘူးလို့ ပြောပါတယ်။
ဒါ့အပြင် အလုပ်သမားတွေကို ထိုင်းလုပ်ငန်းရှင်က လုပ်အား မတန်တဆ ခိုင်းစေပြီး၊ လုပ်အားခ ပြည့်ပြည့်ဝဝ မရှင်းပေးလို့ တောင်းဆိုရင်လည်း အထောက်အထား မရှိတဲ့အတွက် ထိုင်းရဲကို အပ်ပြီး ဖမ်းခိုင်းမယ်လို့ ခြိမ်းခြောက်ခံရကြောင်းလည်း အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားအရေး ဆောင်ရွက်သူတွေက အခုလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေ ထိုင်းနိုင်ငံ နေရာအနှံ့မှာ ပုံစံမျိုးစံနဲ့ ကြုံနေရကြောင်း သိရှိရပြီး၊ အလုပ်သမားတွေအနေနဲ့ ထိုင်းရဲ့ တည်ဆဲ ဥပဒေတွေကို ပြည့်ပြည့်ဝဝ နားလည်ဖို့နဲ့၊ တခုခု တိုင်ကြားမယ်ဆိုရင် မှန်ကန်ကြောင်း သက်သေ အချက်အလက်၊ အထောက်အထား ခိုင်ခိုင်မာမာ ရှိဖို့ လိုအပ်ကြောင်း ပြောပါတယ်။
Labour Rights Foundation အဖွဲ့မှ ဦးအောင်ကျော်က “ထိုင်းနိုင်ငံမှာ အလုပ်ရှင်၊ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး ဥပဒေရှိတဲ့အတွက်ကြောင့် အမှန်တကယ်သာ အလုပ်သမားအခွင့်အရေး ချိုးဖောက်တယ်ဆိုရင် တိကျ ခိုင်မာတဲ့ အချက်အလက်ကို ယူပြီးတော့ ဒီထိုင်းနိုင်ငံအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ၊ ဆာဝါဒီကန်ရုံးမှာ သွားပြီး တရားဝင် အမှုဖွင့်လို့ ရပါတယ်။ အလုပ်သမားတွေကို ကျနော် အကြံပေးချင်တာကတော့ ကိုယ်ရောက်ရှိရာ နိုင်ငံရဲ့ ဥပဒေက ဘာတွေလဲ။ ကိုယ့်မှာ တရားဝင် စာရွက်စာတမ်း ဘယ်လိုအရာတွေ ကိုင်ထားရမလဲ။ ကျနော် အသိပေးချင်တာက မိမိစာချုပ် ချုပ်ထားတဲ့ လုပ်ငန်းအမျိုးအစားက ဘာလဲ။ အဲ့အလုပ်ရှင်က ဘယ်သူလဲ။ အဲ့အလုပ်ရှင်နဲ့ အဲ့လုပ်ငန်းနဲ့လည်း တည့်မတ်အောင်လုပ်ပါ။ အဲ့လို မလုပ်ဘူးဆိုရင် ဖမ်းဆီး အရေးယူမှုတွေလည်း ခံရနိုင်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ ပရာချင်ဘူရီခရိုင်ထဲက ရိုဂျာနာ စက်မှုဇုန်မှာ တရုတ်လုပ်ငန်းရှင် သူဌေးက မြန်မာအလုပ်သမား အယောက် ၇၀၀ နီးပါးကို လုပ်ခလစာ ၂ လစာ မရှင်းပေးတာကြောင့် အလုပ်သမားတွေဟာ လုပ်ငန်းခွင်ရှေ့မှာ ပိတ်ဆို့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိ ထိုင်းနိုင်ငံ ခရိုင် ၇၇ ခုမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေဟာ ၆ သန်းကျော် ၇ သန်းနီးပါး ရှိနေပြီလို့ အလုပ်သမားအရေး လုပ်ဆောင်သူတွေက ခန့်မှန်း ပြောပါတယ်။
အလုပ်သမားတွေဟာ လုပ်ငန်းခွင်တွေမှာ လုပ်ခလစာ ပြည့်ပြည့်ဝဝ မရတာ၊ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာ၊ လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ များစွာ ကြုံနေရတယ်လို့လည်း ထိုင်းရောက် အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်ခင်ဗျာ။
ဇွဲသစ်