Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ခရိုင် ၁၁ ခု ရေကြီးသတိပေးချက်ထုတ်ပြန်
DVB
·
August 7, 2024
Photo Crd-Banmuang

ထိုင်းနိုင်ငံမှာ ဩဂုတ် ၈ ရက်ကစပြီး ခရိုင် ၁၁ ခရိုင်မှာ ရေကြီးရေလျှံမှု သတိထားဖို့ ထိုင်းနိုင်ငံဆည်မြောင်းတမံဦးစီးဌာနက  ဩဂုတ် ၇ ရက် မနက်မှာ ထုတ်ပြန်ထားပါတယ်။ 

ထိုင်းနိုင်ငံအထက်ပိုင်း (မြောက်ပိုင်း နဲ့ အရှေ့မြောက်ပိုင်း) ဒေသတွေမှာ ခုသီတင်းပတ်အတွင်း မိုးများလို့ အချို့နေရာမှာ ရေကြီးရေလျှံခဲ့ပြီး အဆိုပါရေတွေဟာ အောက်ပိုင်းဘက်ကို စီးဆင်းလာတယ်၊  ဒါကြောင့် ချိုင်းနတ်ခရိုင်ရှိ ချောင်ဖရာဆည်မှာ ရေတွေ  ၁ စက္ကန့်ကို ၁၁၉၃ ကုဗမီတာနှုန်းနဲ့ မြင့်တက်နေလို့  ရေတံခါးဖွင့်ချနေရတယ်လို့ ဆိုပါတယ်။ 

အဆိုပါဆည်ကရေတွေကို ၁ စက္ကန့်လျှင် ၁၀၀၀ ကုဗမီတာနှုန်းနဲ့ပြန်လွှတ်နေပြီး ရေလမ်း ကြောင်းဖြစ်တဲ့ အန်ထောင်းခရိုင် ဖုန်းဖဲန်တူးမြောင်းမှာလည်း ရေအမြင့် ၄၀ မီတာ မှ  ၈၀ မီတာ ထိတက်နေကြောင်း၊ အဲဒီကနေတဆင့် အယုဒယခရိုင် ဘန်းပလန်ချောင်းသို့ စီးဆင်းဝင်ရောက် မယ်၊ ရေလမ်းကြောင်းက ဆည်တွေ အဆင့်ဆင့်ရေဖောက်ချပြီးရင်  မယ်နန် ချောင်ဖရာမြစ် နဲ့  မယ်နမ့်နွဲ့မြစ်ထဲသို့ စီးဆင်းသွားမှာဖြစ်လို့ မြစ်ရေဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက် မြို့ရွာတွေ ရေကြီးရေလျှံမှု ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားပါတယ်။ 

ရေကြီးရေလျှံသတိထားရမယ့်ခရိုင်တွေမှာ ဥထိုင်းဌာနီ၊ ချိုင်းနတ်၊ ဆင်းပူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ ဆုဖန်းပူရီ၊ လုပ်ပူရီ၊ ပထုမ်ဌာနီ၊ နွန်ထပူရီ၊ စမွတ်ပရကန် နဲ့ ဘန်ကောက် စတဲ့ခရိုင် ၁၁ ခု ပါဝင်ပါတယ်။ 

ဆည်မြောင်းတမံဌာနအနေနဲ့ ဆိုးရွားစွာရေကြီးမှုမဖြစ်အောင် ရေတံခါးအဆင့်ဆင့်တွေကို ထိန်း ညှိဖောက်ချသွားမှာဖြစ်သလို ဌာနဆိုင်ရာအဖွဲ့အစည်းနဲ့ မယ်နန်ချောင်ဖရာနဲ့ မယ်နမ့်နွဲ့ မြစ်ဝှမ်း ဒေသပြည်သူလူထုတွေ၊ ဒေသထဲရှိ သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့တွေပါ ကြိုတင်အကြောင်းကြားထားတယ်လို့ ဆည်မြောင်းဌာနထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

Source- Banmuang / TNN News 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013