Home
မြန်မာသတင်း
လားရှိုး စစ်ဘေးရှောင်များ ထိုင်းနိုင်ငံဘက် ဦးတည်ထွက်ပြေးလာ
DVB
·
July 31, 2024
Photo - Komchadluek

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့က တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရာမှာ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်သို့ပါ ဦးတည်လာနေသူတွေရှိကြောင်း ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းက နန်းစံခမ်း ဆိုသူ အမျိုးသမီးတဦးက လားရှိးကနေ ကားစီးပြီး စစ်ပြေး‌ ရှောင်လာရတဲ့ လမ်းတလျှောက်အခြေအနေကို  သူ့ရဲ့လူမှုကွန်ရက်မှာ လိုက်ဖ်လွှင့်ပြလာခဲ့တယ်၊ သူနဲ့အတူ နောက်ထပ် စစ်ဘေးရှောင် ၄၆ ယောက် ပါလာပြီး သူတို့ဟာ သံလွင်မြစ်အနောက်ဘက်ကမ်း နားကုန်းရွာနား ရောက်လာခဲ့ကြောင်း ဖော်ပြထားတယ်လို့ ဆိုပါတယ်။ 

သံလွင်မြစ်ကို ဖြတ်ကူးပြီးရင်တော့ ခွန်ဆာ ခေါင်းဆောင်တဲ့ MTA ရှမ်းတော်လှန်ရေး တပ်စခန်းဟောင်း ဟိုမိန်းမြို့ကို ရောက်မှာဖြစ်တယ်။ နောက် ၂-၃ ရက်အတွင်း ဟိုမိန်း ကနေတဆင့် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်ထဲ ဝင်ရောက်သွားမှာဖြစ်ပြီး  စစ်ဘေးလည်းရှောင်၊ အလုပ်အကိုင်လည်း ရှာဖွေလုပ်ကိုင်မယ်လို့ သူက ပြောဆိုပါတယ်။ 

အဆိုပါပို့စ်ကြောင့်  ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့  တရားမဝင် ဝင်ရောက်မှုတွေ ပိုမိုတင်းကျပ်စွာ စစ်ဆေးစေတယ်လို့ ထိုင်းလူမျိုးတချို့က လူမှုကွန်ရက်မှာ မှတ်ချက်ရေးထားပါတယ်။

လားရှိုးမြို့ဟာ ရှမ်းပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး MNDAA ကိုးကန့်တပ် ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက  စစ်ကောင်စီတပ်တွေကို ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် တိုက်ပွဲတွေ နေ့စဉ်လို ဖြစ်ပွားနေပါတယ်။

ရှမ်းပြည်နယ်က ပြည်သူအမြောက်အမြားဟာ စစ်ဘေးရှောင်နေရပြီး   ၂၀၂၄ ဇွန် ၂၅ မှ ဇူလိုင် ၂၆ ရက်အထိ တလတာ တိုက်ပွဲတွေအတွင်း ပြည်သူ ၁၁၀ ကျော် သေဆုံးကာ ၁၇၀ ကျော် ဒဏ်ရာရကြောင်း SHAN သတင်းဌာနကို ကိုးကားပြီး  ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Source-  ThaiPBS News / Komchadluek

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013