Home
မြန်မာသတင်း
လားရှိုး ရမခ တိုင်းစစ်ဌာနချုပ် အနီးဝန်းကျင်၌ တိုက်ပွဲပြင်းထန်နေ
DVB
·
July 31, 2024
Photo Crd-BPLA
Photo Crd-BPLA
Photo Crd-BPLA

လားရှိုး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဘက်နဲ့ အနီးဝန်းကျင်မှာ ဇူလိုင် ၃၀ ရက် မနက်ကစပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “မီးလောင်‌နေတာ တိုင်းနားလို့ပြောတယ်။ ခုထိ မီးခိုးတွေ မြင်နေရတုန်းပဲ။ မိုးလုံ လေလုံနားက တရုတ်ကျောင်းရဲ့နောက်လို့ ပြောတယ်။ တိုင်းနဲ့ တော်တော်နီးတယ်” လို့ ပြောပါတယ်။

လားရှိုးမြို့ထဲ တရုတ် ခိုလောင်းဘက်နဲ့ တပ်ထိန်းတပ်ဘက် အစပ်ကြားမှာလည်း တိုက်ပွဲပြင်းထန်နေသလို ရပ်ကွက် ၁၁ နမ္မတူလမ်းဆုံဘက်လည်း တိုက်ပွဲကြမ်းနေတယ်လို့ ဆိုပါတယ်။

နောက်ထပ် ဒေသခံတဦးကလည်း “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ထဲကို ခုမနက် ၁၀ နာရီကျော်ကျော် လောက်ကတည်းက ရှော့တိုက်ဒုံးတွေ ပစ်ခံရတာ ၁၀ လုံးကျော်ကျပြီး ပေါက်ကွဲနေတာ။ ခုချိန်ထိ ရမခ ဝန်းကို တိုက်နေကြတယ်လို့ သိရတယ်” လို့ ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားရာ ရပ်ကွက်တွေမှာ အိမ်စောင့်ကျန်နေခဲ့ပြီး ပိတ်မိနေသူတွေ လက်နက်ကြီး ထိမှန် ဒဏ်ရာရသူတွေ ရှိသလို သေဆုံးသူတွေလည်း နေ့တိုင်းရှိနေပြီး အလောင်းကောက်ယူ၊ သင်္ဂြိုဟ်လို့ မရတာကြောင့် ပြည်သူတွေရဲ့ အလောင်းတွေကို ဒီတိုင်း ပစ်ထားရတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတဦးက “လားရှိုးကို ဒီလကုန် အပြီးသတ်တိုက်မယ်လို့ ကိုးကန့်စစ်သားတွေ ပြောနေသံကြားတယ်။ သူတို့သိမ်းထားတဲ့ နေရာတွေမှာတောင် ကိုးကန့်စစ်သားတွေ မရှိသလောက် လားရှိုးကို သွားကြတယ်” လို့ ပြောပါတယ်။

လားရှိုးဘက် ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေလည်း ပြတ်တောက်နေတာကြောင့် အိမ်စောင့် ကျန်နေခဲ့သူတွေနဲ့လည်း အဆင်အသွယ် မရတော့ဘူးလို့ ဆိုပါတယ်။

မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တို့ပါဝင်တဲ့ မဟာမိတ်တပ်ပေါင်းစုက လားရှိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်နေဆဲဖြစ်ပါတယ်။

 လားရှိုးမြို့အခြေစိုက် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၇၀၀၅ သံချပ်ကာတိုက်ခိုက်ရေး တပ်ရင်း၊ အမှတ် ၂၄၂ စစ်လက်နက်တပ်ခွဲ၊ စစ်တပ်ဂေါက်ကွင်းတို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇူလိုင် ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ အပြီးသတ် တိုက်ထုတ်နိုင်ခဲ့ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013