ကိုးကန့်တပ် MNDAA နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်၊ လားရှိုးမြို့ထဲကို ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်တွေ ဇူလိုင် ၂၇ ရက် ညပိုင်းက ဝင်ရောက်တပ်စွဲခဲ့ကြပါတယ်။
UWSAရဲ့ လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကတော့ ‘ဝ’ တပ်တွေဝင်ရောက်တာက ဒေသခံတွေရဲ့ တောင်းဆိုမှုကြောင့်နဲ့ UWSAရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့လို့ DVB ကို ပြောပါတယ်။
“လားရှိုးမြို့ရှိ တိုင်းရင်းသားပေါင်းစုံရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျနော်တို့ ပြင်ပဆက်ဆံရေးရုံးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့အတွက် ‘ဝ’ ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ၂၇ ရက်နေ့ ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်။”
UWSA အနေနဲ့ MNDAA နဲ့ စစ်တပ် နှစ်ဖက်စလုံးကို အကြောင်းကြားပြီး သဘောတူညီချက်နဲ့ ဝင်ရောက်လာတာဖြစ်သလို တိုက်ပွဲဖြစ်ပွားနေတာနဲ့ပတ်သက်လို့တော့ ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်တို့ကို အကြောင်းကြားခဲ့ပြီး သူတို့ရဲ့ သဘောတူညီချက်နဲ့ အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်။ လားရှိုးမြို့မှာ တပ်စွဲထားတဲ့ကျနော်တို့ ‘ဝ’ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ အဘက်ဘက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းတွေ လုပ်ဆောင်မှာ မဟုတ်ပါ။ "
UWSA အနေနဲ့ တနိုင်ငံလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ကို မျှော်လင့်တယ်လို့လည်း ဦးညီရန်းက ပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်ပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်းလားရှိုးကို MNDAAနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ မြို့ရဲ့ အများစုကို ထိန်းချုပ်ထားနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။