Home
မြန်မာသတင်း
တနင်္သာရီနှင့် ကျွန်းစုတွင် တိုက်ပွဲဖြစ်ပြီး ဒေသခံ ၃၀၀၀ ကျော် တိမ်းရှောင်
DVB
·
July 30, 2024
WarrRitVillage_30072024

တနင်္သာရီတိုင်းထဲက နယ်နိမိတ်ချင်းထိစပ်နေတဲ့ တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်တို့ကြားက ကျေးရွာတွေမှာ တိုက်ပွဲ ၁၀ ရက်ကျော်ကြာ ဖြစ်ပွားနေပြီး စစ်ရှောင်နေကြရသူ ၃၀၀၀ ကျော်အထိ ရှိနေတယ်လို့ ဒေသခံပြည်သူတွေ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးလာတဲ့ ဇူလိုင် ၂၀ ရက် မနက်ကနေစတင်ပြီး ဇူလိုင် ၂၄ ရက်အထိကို ကျွန်းစုမြို့နယ်နဲ့ တနင်္သာရီမြို့နယ်တို့ရဲ့ နယ်နိမိတ်ချင်းထိစပ်‌နေတဲ့ ဝါရစ်ရွာ၊ ဂျိုးတောင်ရွာ၊ ချုံချင်းရွာ၊ လယ်သစ်ရွာနဲ့ ကျောက်ပုဇွန်တောင်အနီးတို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ၆ ကြိမ်အထိ အပြင်းထန်ဖြစ်ပွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၈ ရက်မနက် ၁၁ နာရီလောက်က တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို လက်နက်ကြီးပစ်ကူတွေနဲ့ တိုးဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် နေ့လယ် ၂ နာရီမှာ ထပ်မံထိတွေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးစစ်ကြောင်း ၂ ရဲ့ တာဝန်ခံ ကိုမျိုးကြီးက  ပြောပါတယ်။

“အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး လာတယ်။ တိုက်ပွဲဖြစ်တာက ၁ဝ ရက် ရှိနေပြီ။ ၂၈ ရက်က တိုက်ပွဲအပြင်းထန်ဆုံးပဲ။ ဒီနေ့က လက်နက်ကြီးတွေပစ်ကူပြီး တိုး လာတာပါ။ ကျနော်တို့ဘက်က ပဒေသာမိုင်းတွေ ဆက်တိုက်ဆွဲတော့ စစ် (-) တွေ အတုံးအရုန်းကျတယ်။” 

ထိတွေ့တိုက်ပွဲ ၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီးတော့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ကူတွေနဲ့ အချက် ၇၀ နီးပါးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့သလို  တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတဲ့ စစ်ကောင်စီတပ်သား အများအပြားရှိတယ်လို့ ဆိုပါတယ်။

တိုက်ပွဲတွေက ရက်ရှည်အပြင်းအထန်ဖြစ်ပွားနေသလို စစ်ကောင်စီ စစ်ကြောင်းတွေဘက်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေနဲ့ ရွာတွေထဲ ဝင်ရောက်ကာ နေအိမ်တွေ မီးရှို့ဖျက်ဆီးတဲ့အတွက် ဂျိုးတောင်ရွာ၊ ဝါရစ်ရွာ၊ စမ်းသစ်ရွာ၊ သပြေပင်ရွာ၊ သထာရွာနဲ့ လယ်သစ်ရွာတွေမှာရှိတဲ့ ဒေသခံပြည်သူ ၃၀၀၀ ကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။

ဒေသခံပြည်သူတဦးက “လယ်သစ်အနောက်ကမ်းက စကစတွေ ရှိတယ်။ လယ်သစ်ရွာမှာက အရပ်သားတွေ မရှိဘူး။ အရှေ့ကမ်းမှာက PDF တွေ ရှိတယ်။ စစ်ရှောင်တွေမှာ ရေဘေးကြောင့်၊ စစ်ဘေးကြောင့် တော်တော်ဒုက္ခရောက်နေကြတယ်။ မြိတ်ဘက်ကိုလည်း သွားနေနေကြတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ဇူလိုင် ၁၉ ရက်ကတည်းက ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာနဲ့ ဂျိုးတောင်ကျေးရွာဘက်ကနေ အင်အား ၂၀၀ ကျော်ခန့်ရှိတဲ့ စစ်ကြောင်း နှစ်ကြောင်းခွဲကာ နယ်မြေချင်းထိစပ်မှုရှိတဲ့ တနင်္သာရီမြို့နယ် လယ်သစ်ရွာဘက်ကို ဦးတည်ထွက်လာတဲ့စစ်ကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါတိုက်ပွဲတွေမှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီစစ်ကြောင်းဘက်က ထိခိုက်ကျဆုံးသူတွေ အများအပြားရှိတယ်လို့ မြိတ်ခရိုင်တပ်ရင်းရဲ့ ပူးပေါင်းစစ်ကြောင်း ၁ က ပြောဆိုထားပေမဲ့ သီးခြား အတည်ပြုမနိုင်သေးပါဘူး။

တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ်က စစ်ဘေးရှောင်နေရတဲ့သူတွေမှာ စစ်ဘေးဒဏ်ကြောင့် နေရပ်စွန့်ခွာလာတဲ့အတွက် အခက်အခဲတွေဖြစ်ခဲ့သလို တနင်္သာရီမြို့နယ်အတွင်း မြစ်ရေ မြင့်တက်လာတာကြောင့်လည်း အခက်အခဲ ပိုများလာတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013