Home
မြန်မာသတင်း
လွိုင်ကော်တွင် တိုက်ပွဲများဆက်ဖြစ်၊ စစ်တပ်က နေအိမ်များကို မီးရှို့နေ
DVB
·
July 27, 2024
KNDF
KNDF_1
KNDF_2

ကရင်နီပြည်၊ လွိင်ကော်မြို့မှာ ဒီနေ့အထိ တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီတပ်ဟာ အင်အားဖြည့်လာသလို ပြည်သူတွေရဲ့အိမ်တွေကိုလည်း နေ့တိုင်းနီးပါး မီးရှို့ဖျက်ဆီးနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက ဒီနေ့ ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် နောက်ဆုံးအပတ်ကစလို့ မိုင်းလုံးရပ်ကွက်ထဲကို စစ်ကောင်စီတပ်တွေ အင်အားဖြည့် စစ်ရေးလှုပ်ရှားလာပြီး ဇူလိုင် ၁ ရက်ကစလို့ ဒီနေ့အထိ  မိုင်းလုံး၊  ရွာတန်းရှည် ရပ်ကွက်တို့က ပြည်သူတွေရဲ့နေအိမ်တွေကို အကြောင်းမရှိဘဲ နေ့တိုင်းနီးပါး မီးရှို့ဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။

ရပ်ကွက်ထဲက လူထုနေအိမ်အဆောက်အဦတွေကို ဖျက်ဆီးဝင်ရောက်ပြီး ပစ္စည်းတွေ ယူဆောင်တဲ့အပြင် မီးရှို့ဖျက်ဆီးတာကြောင့် ဇူလိုင် ၂၇ ရက်နေ့အထိ မိုင်းလုံးနဲ့ ရွာတန်းရှည် ရပ်ကွက်က ပြည်သူ့နေအိမ်  ၆၀ ကျော် မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

၁၁.၁၁ တစ်လေးလုံး စစ်ဆင်ရေးစတင်တဲ့အချိန်ကစလို့ ဒီနေ့အထိ လွိုင်ကော်မြို့အနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ မရပ်တန့်သွားဘဲ ဆက်တိုက်ဖြစ်နေတယ်လို့လည်း အသိပေးထားပါတယ်။

မိုင်းလုံးရပ်ကွက်ထဲကို အင်အားဖြည့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို  KNDF တပ်ရင်းတွေနဲ့အတူ  KA၊ MK CDF တို့ပူးပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိင်ကော်နည်းပညာတက္ကသိုလ်နဲ့ မြကလပ်တောင်တို့မှာ ဇူလိုင် ၄ ရက်နေ့ကစလို့ ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်းမှာသာမက ငြိမ်တွေချိန်တွေမှာပါ ပြည်သူတွေရဲ့ အိမ်တွေကို အကြောင်းမဲ့ လိုက်လံဖျက်ဆီး မီးရှို့နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တန်ပြန်တိုက်ခိုက်နေတာကြောင့် ထောက်ပို့ မိဘပြည်သူတွေအနေနဲ့လည်း စစ်ဆင်ရေးတွေ ရည်မှန်းချက်ကို မြန်မြန်ရောက်ဖို့အတွက် လိုအပ်တဲ့ အကူအညီတွေပေးကြဖို့လည်း တောင်းဆိုထားပါတယ်။

လွိုင်ကော်မြို့မှာ တည်ငြိမ်နေသလိုမျိုး စစ်ကောင်စီက ဝါဒဖြန့်ပြီး သူတို့ရဲ့ ယန္တရား ပြန်လည်ပတ်နိုင်ရေးအတွက် လူထုကိုနေရပ်ပြန်ဖို့ စည်းရုံးပြီး လူထုကိုအကာအကွယ်ယူဖို့ ကြိုးစားနေတာကိုလည်း အထူးသတိပြုဖို့လိုတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း နေအိမ်တွေကို မပြန်ကြသေးဖို့နဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဆီက သတင်းအချက်အလက်အမှန်တွေကို ရယူကြဖို့၊ ကိုယ့်ရဲ့ လုံခြုံရေးကို ဦးစားပေးပြီး စစ်ရေးသတိရှိကြဖို့လည်း တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013