Home
ငြိမ်းချမ်းရေး/စစ်ရေး
လားရှိုးမြို့တွင်း တိုက်ပွဲပြင်းထန် ဆက်ဖြစ်နေ 
DVB
·
July 26, 2024

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ထဲမှာ  ဇူလိုင် ၂၆ ရက်မှာလည်း မနက်ပိုင်းကတည်းက တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတဦးက “မနက်ထမင်းစားပြီးကတည်းက ပစ်ခတ်သံ ဆူညံနေပြီ။ ဒရုန်းတွေလည်း ဝဲနေတယ်။ မနေ့ညလည်း တညလုံး ဆူညံနေတာပဲ။ လေယာဉ်တွေလည်း လာကြဲသွားတယ်။ ဘယ်နား ကြဲသွားလဲတော့ မသိဘူး။ ရပ်ကွက် ၁ နဲ့ နီးတယ်” လို့ ပြောပါတယ်။

မြို့တော်ခန်းမအနီးဝန်းကျင်၊ ပါရမီဘက်၊ မန်ဆူဘက်နဲ့ တချို့ရပ်ကွက်တွေထဲမှာလည်း တိုက်ပွဲဖြစ်နေဆဲ ဖြစ်တယ်လို့ မြို့ခံက ပြောပါတယ်။

ဒေသခံ အမျိုးသားတဦးက “ရပ်ကွက် ၅ မှာ ပိတ်မိနေသူတွေ အများကြီးရှိနေတယ်။ ထမင်းမစားရတာ ၄ ရက်လောက် ရှိပြီလို့ ပြောလာတယ်။ ထမင်းချက်စားလို့လည်း မရဘူး၊ အသံကြားတာနဲ့ ပစ်တယ်။ ထွက်တာနဲ့ ပစ်တယ်။ ပစ်ခံရလို့ သေတဲ့သူတွေကလည်း သေကုန်ပြီ” လို့ ပြောပါတယ်။

ပိတ်မိနေသူတွေကို ပရဟိတအသင်းတွေလည်း ကယ်ဆယ်ဖို့ အဆင်မပြေသလို သေဆုံးသွားတဲ့ ပြည်သူတွေရဲ့ အလောင်းတွေလည်း ဘယ်သူမှ‌ကောက်လို့ အဆင်မပြေလို့ အလောင်းတွေ လေးငါးရက် ဒီတိုင်းမြင်နေရတယ်လို့ သူက ပြောပါတယ်။

ရပ်ကွက် ၅ ကတော့ ၅၀၇ တပ်နဲ့ နီးတာကြောင့် တိုက်ပွဲစဖြစ်ကတည်းက မရှောင်နိုင်သူတွေ ပုန်းနေကြရပေမဲ့ ရက်ကြာလာ‌တော့ အဆင်မပြေလို့ ထွက်လာချင်ပေမဲ့ ထွက်မရဘဲ ပိတ်မိနေကြတာဖြစ်ပြီး တိုက်ပွဲပြင်းထန်နေတဲ့ တခြားရပ်ကွက်တွေမှာလည်း ပိတ်မိနေတဲ့ ပြည်သူတွေ ရှိ‌နေတယ်လို့ သူကပြောပါတယ်။

တိုက် နှစ်ထပ်၊ နှစ်ထပ်ခွဲ နေအိမ်တွေမှာ အိမ်စောင့်တွေကို ဖယ်ခိုင်းပြီး စစ်ကောင်စီဘက်က နေအိမ်တွေထဲ နေရာဝင်ယူထားကြတယ်လို့ ဆိုပါတယ်။

ဇူလိုင် ၂၅ ရက် ညနေပိုင်းက အေတီတံတားထိပ်မှာလည်း လက်နက်ကြီး ၃ လုံးကျလို့ ၄ ဦး သေဆုံးပြီး မန်ဆူပလာဇာ အပေါ်ဘက် လက်နက်ကြီးတလုံးကျပြီး ပြည်သူတဦး ပွဲချင်းပြီး သေဆုံးခဲ့သလို ပန်းဝတ်မှုန်လမ်းကြားထိပ် ပင်းပင်းအနီး လက်နက်ကြီးတလုံးကျလို့ လူငယ် ၂ ယောက် ပွဲချင်းပြီး သေဆုံးတာတွေ့ရပေမဲ့ အခုမနက်ပိုင်းအထိ အလောင်း ဘယ်သူမှ လာကောက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မြို့တော်ခန်းမ၊ ဆေးရုံကြီးတွေဘက်မှာတော့ MNDAA နဲ့ ပူးပေါင်းအဖွဲ့တွေ သွားလာနေတဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး မော်တော်ပီကယ်ရုံးအထိတော့ အရင်ရက်တွေကတည်းက MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နေရာယူထားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024