ကရင်ပြည်နယ်၊ သံတောင်မြို့နယ် တောင်ငူ-လိပ်သိုလမ်းပိုင်းရှိ စစ်ကောင်စီစစ်ကြောင်းနဲ့ စစ်စခန်းတို့ကို ဇူလိုင်လအတွင်း ၃ ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၆ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇူလိုင် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကိုလည်း လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
လိပ်သိုမြို့ကနေ တောင်ငူဘက်ကို အင်အား ၂၀၀ လောက်နဲ့ ထွက်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၂၂ ရက်က တောင်ငူ-လိပ်သို လမ်းပိုင်းတနေရာမှာ မိုင်းဆွဲခဲ့ပြီး ၄၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၂ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
တောင်ငူ-လိပ်သိုလမ်းပိုင်း ကျောက်လုံးကြီးစခန်းကို ဇူလိုင် ၁၀ ရက် မွန်းတည့် ၁၂ နာရီလောက်က စနိုက်ပါနဲ့ သွားရောက်ပစ်ခတ်ခဲ့တာကြောင့် တပ်ကြပ်တဦးသေပြီး တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့သလို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲလောက်ကလည်း ကျောက်လုံးကြီးစခန်းကိုပဲ စနိုက်ပါနဲ့ ထပ်မံပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက “ရာသီဥတု တော်တော်ဆိုးတဲ့ကြားကနေ mission တွေ ဖော်ဆောင်ခဲ့ရတာပါ။ ဒီလထဲ တိုက်ခိုက်မှု ၃ ကြိမ်လုပ်ပြီး စစ်သား ၂၀ ကျော်သေပြီး ၃၀ ကျော် ဒဏ်ရာရတယ်။ နောက်ဆုံးစစ်ကြောင်းက ကိုယ်တိုက်တုန်းက သေသွားတဲ့အလောင်းကို နောက်ကလာခဲ့တဲ့ စစ်ကူတွေက လာသယ်သွားတယ်။ အဲ့စစ်ကြောင်းကို တောင်ငူကို ပြန်ရောက်ပေမဲ့ တခြားတပ်ဖွဲ့က ကြားဖြတ် ထပ်ပြီးတိုက်ခိုက်တာ ရှိတယ်” လို့ ပြောပါတယ်။
သံတောင်မြို့အခြေစိုက် ခလရ ၆၀၄ တပ်က ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းဆီးခဲ့ရာ MA1 တလက်၊ MA5 တလက်၊ MA ကျည်အတောင့် ၆၀၊ ၉ မမကျည်တောင့် ၁၀ တောင့်၊ ကျည်ဘောက် ၈ ခုနဲ့ လက်ပစ်ဗုံး ၈ လုံးတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်သား ၂ ဦးဟာ လာခိုလှုံတာမျိုးမဟုတ်ဘဲ ဖမ်းဆီးပြီးမှ လက်နက်ချခဲ့တဲ့အတွက် ငွေကျပ် ၁၀ သိန်းသာ ပေးဆောင်ခဲ့ပြီး လုံခြုံတဲ့နေရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလမှာလည်း တောင်ငူ-လိပ်သို လမ်းပိုင်းရှိ ကျောက်လုံးကြီးစခန်းကို သံတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ၅ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။