ရခိုင်ပြည်နယ် သံတွဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်ရှောင်တွေလည်း အကူအညီ လိုအပ်နေကြပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးတဲ့နောက် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ လက်ကျန်စခန်းတခုဖြစ်တဲ့ ကွမ်းဝိုင်းရေငုပ်တပ်တို့ကို ဆက်ပြီး တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကို လုပ်ဆောင်နေပြီး အထူးသဖြင့် အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ သံတွဲမြို့နယ်ထဲကစစ်ဘေးရှောင်ကူညီနေသူတဦးက ဇူလိင် ၂၄ ရက်နေ့မှာ ပြောပါတယ်။
ဒီရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က စစ်ဘေးရှောင်တွေရှိရာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သံတွဲမြို့နယ် အဘဲ့ကျေးရွာမှာ အရပ်သား ၅ ယောက်နဲ့ သရက်ပင်ကွင်းကျေးရွာက အရပ်သားတယောက် သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရရှိတာတွေလည်း ရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဘက်က ဂွဘက်ထွက်တဲ့လမ်းကို ပိတ်ဆို့ထားတာကြောင့် စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာရရှိဖို့ ခက်ခဲနေပါတယ်။ အထူးသဖြင့် သံတွဲ-ဂွလမ်းက လမ်းတံတားတွေကို မိုင်းခွဲဖျက်စီးထားတာရှိသလို မိုင်းတွေလည်း ထောင်ထားတယ်လို့ စစ်ဘေးရှောင်ကူညီနေသူက ပြောပါတယ်။
ဒီဗွီဘီက ဆက်သွယ်တဲ့ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်မှာလည်း သံတွဲမြို့ အံတော်တံတားထိပ်ကို လက်နက်ကြီးကျရောက်ခဲ့တာကြောင့် အနီးနားက မြဝတီဘဏ်နဲ့ ဆိုင်တချို့ ထိခိုက်ပျက်စီးပြီး လူထိခိုက်မှု ရှိမရှိကတော့ မသိရသေးပါဘူး။ အလားတူ သံတွဲမြို့အနီး ကျိန္တလီမြို့မှာလည်း ဒေသခံတွေ မိုင်းနင်းမိတာတွေရှိပြီး ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ထက်အောင်