Home
မြန်မာသတင်း
ချောင်းဦးနှင့်စလင်းတွင် တိုက်ပွဲဖြစ်၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးပဥ္စင်း ၁ ပါး အပါအဝင် ၄ ဦး သေဆုံး
DVB
·
July 24, 2024

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က ၃ ဦးသေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦး PDF တာဝန်ရှိသူက ပြောပါတယ်။

ဇူလိုင် ၂၃ ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ အင်အား ၄၀ ‌ကျော် အထိုင်ချထားတဲ့ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ (ပျူစောထီး) က စစ်ကောင်စီကင်းပုန်းကို တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၅ မိနစ်ခန့် ဖြစ်ခဲ့တာပါ။

ချောင်းဦး PDF ပြန်ကြားရေးတာဝန်ခံက “ကျနော်တို့ရဲဘော်တွေ နယ်မြေရှင်းလင်းရေး လုပ်တဲ့အချိန် ပျူရွာက ကာကင်းနဲ့ ထိတွေ့ဖြစ်တာပေါ့နော်၊ ရဲဘော်တွေမျက်မြင် သေဆုံးတာကတော့ ၃ ယောက်ပေါ့နော်၊ ထိခိုက်ဒဏ်ရာရကတော့ ၈ ယောက်လောက်ရှိတယ်၊ ကျနော်တို့ပြောတဲ့ အ‌ရေအတွက်ထက်လည်း များနိုင်ပါတယ်။ ကံကြီးကုန်းက အာဏာသိမ်းပြီးကတည်းက အစောဆုံး ပျူရွာ ဖြစ်လာတာပေါ့” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအပြီး နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ ကံကြီးရွာနဲ့ ၁ မိုင်ခန့်ဝေးတဲ့ ချောင်းဦးမြို့နယ်၊ ရွှေလှေရွာကို စစ်ကောင်စီက Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ လူနေအိမ် ၅ လုံး မီးလောင်ပျက်စီးခဲ့ပြီး ရွာခံအမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ထိတွေ့အပြီးပေါ့၊ နေ့လယ် ၁၂ နာရီ ၂၈ မှာ Mi 35 နဲ့ လေကြောင်းတိုက်ခိုက်မှု လာလုပ်တာ၊ ရွှေလှေရွာက နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်။ ပြည်သူတယောက် လက်ဖျံမှာ ဒဏ်ရာရသွားတယ်၊ စိုးတော့ မစိုးရိမ်ရဘူး” လို့ ချောင်းဦး PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

တိုက်ခိုက်မှုကို Chaung U People Defense Force - CHU PDF ရဲဘော်တွေက ဆောင်ရွက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်း၊ စလင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဦးပဥ္စင်းတပါး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဇူလိုင် ၂၃ ရက် ညနေ ၅ နာရီမှာ စလင်းမြို့နယ် အနောက်ခြမ်းက ငလှိုင်တွင်း၊ ကျောက်အိုး၊ ကူရင်းချောက် စတဲ့ရွာ ၃ ရွာကို ဂျက်ဖိုက်တာနဲ့ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စလင်းပကဖ တာဝန်ရှိသူက “မနေ့ညနေက စလင်းမြို့ကိုဝင်ရင် ၁၅ မိနစ်လောက်ပဲကြာတဲ့ ကွေ့ကုန်းတံတားထိပ်မှာ လက်နက်ကြီး လက်နက်ငယ်နဲ့ မြို့ထဲကို တိုက်ခိုက်မှုအပြီးမှာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အနီးဝန်းကျင်ကရွာတွေကို ကြဲသွားတာဗျ” လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ငလှိုင်တွင်းရွာက ဦးပဥ္စင်းတပါး အပါအဝင် အရပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

မြေပြင်ကယ်ဆယ်ရေးလုပ်နေသူတဦးက “ထိခိုက်မှုကတော့ ငလှိုင်တွင်းကိုကြဲတဲ့ အလုံးကတော့ ပြည်သူ ၃ ဦးနဲ့ သံဃာတပါး ကွယ်လွန်သွားပါတယ်။ သေဆုံးသူတွေရဲ့ အချက်အလက်တွေကိုတော့ ထိန်းထားပါသေးတယ်။ အဲဒီနားမှာက စစ်ကြောင်းက မငြိမ်သေးလို့ပါ။ အလောင်းတွေကလည်း ပျက်စီးသွားတော့ ခွဲခြားမရတာတွေ ရှိသေးလို့ပါ” လို့ ပြောပါတယ်။

ငလှိုင်တွင်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စလင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က ပေါ်တာဆွဲတာနဲ့ စစ်အင်အားဖြည့်တာတွေ လုပ်ဆောင်နေပြီး မြို့နဲ့အနီးဝန်းကျင်ကျေးရွာတွေကိုလည်း စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013