Home
မြန်မာသတင်း
ကျောက်မဲမြို့ပေါ်တွင် စစ်တပ်နှင့် TNLA တို့ စစ်ရေးတင်းမာ၊ ပိတ်မိမြို့ခံများ အကူအညီ လိုအပ်
DVB
·
July 23, 2024

ကျောက်မဲမြို့ပေါ်နဲ့ ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ စစ်ရေးတင်းမာနေပြီး မြို့ထဲကျန်နေသူတွေလည်း စားဝတ်နေရေး ခက်ခဲတာကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းက ကျောက်မဲမြို့မှာ ၁၀၂၇ ဒုတိယပိုင်းစတင်တဲ့ ဇွန် ၂၅ ရက် ကတည်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၃ ရက်ဆိုရင် ၂၉ ရက်အထိ ကြာမြင့်လာပါပြီ။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ပူးပေါင်းတပ်တွေဘက်က ကျောက်မဲမြို့ပေါ်က ခမရ ၅၀၁၊ ၅၀၂ တပ်ရင်းတွေကို မသိမ်းပိုက်နိုင်သေးဘဲ စစ်ကောင်စီဘက်က ရှမ်းတောင်ကနေ တပ်ကူတွေ ပို့လာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကစလို့ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာပါတယ်။

ဇူလိုင် ၂၃ ရက်မှာတော့ တိုက်ပွဲခဏရပ်တာကြောင့် မြို့ထဲက ပိတ်မိသူတချို့ မနက်စောစော စစ်ရှောင်ခဲ့ကြရသလို အခက်အခဲအမျိုးမျိုးကြောင့် မြို့ထဲကျန်နေခဲ့သူတွေကတော့ စားဝတ်နေရေး ပိုခက်ခဲလာပြီး အကူအညီတွေ လိုအပ်နေတယ်လို့ မြို့အတွင်းကျန်ခဲ့သူ ကျောက်မဲမြို့ခံတဦးက ပြောပါတယ်။

“ဒီဟာလေး လုပ်ကိုင်စားတဲ့သူဆို‌တော့ ဈေးရောင်းဈေးဝယ် လုပ်ကိုင်စားတဲ့သူက ပိုဆိုးတာပေါ့။ နေ့စားဘဝတွေနဲ့ လုပ်နေရတဲ့သူတွေက၊ ဆန်ပြုတ်လေးစားရတယ်၊ တချို့ကလည်း။ ကျနော်တို့လည်း ရှိတဲ့ဆန်လေးနဲ့ ချွေတာစားနေရတာ။ အလှူပေးတဲ့ဟာပဲ လိုက်ယူပြီးမှ၊ အလှူရှိပြီဆို ဝုန်းဝုန်းဒိုင်းဒိုင်း သွားကြတယ်။ အလှူရှိပြီဟေ့ဆို သွားပြီးမှ သွားလုကြတယ် အဲလိုမျိုး။ တချို့ကလည်း စည်းကမ်းမရှိကြဘူး လူတန်းတာကို။ ရတဲ့လူရ မရတဲ့သူမရ၊ တကယ့်ကို အစာတကယ် ရှားပါးနေတာဆိုတော့ အလှူအတန်းတခုခု ကြားပြီဆို သွားကြတာ။ ဆန်ဈေးအဓိကပါပဲ ဆန်ဈေးကြီးနေတာ။”

လက်ရှိ ကျောက်မဲမြို့မှာ ဆန်တအိတ်ကို ၁ သိန်း ၂ သောင်းကနေ ၂ သိန်းခွဲဝန်းကျင်အထိ ဈေးပေါက်နေပြီး လိုသလောက်လည်း ဝယ်မရတော့ဘူးလို့ မြို့ခံက ပြောပါတယ်။

ဒါ့အပြင် မနက် ၆၊ ည ၆ အပြင်မထွက်ရအမိန့် ရှိတာကြောင့် မနက်အစောပိုင်း ဈေးရောင်း၊ ဈေးဝယ် လုပ်ကြပြီး နေ့လယ်ပိုင်းလောက်ကစ အပြင်ထွက်ရဲတဲ့သူ မရှိတော့ဘူးလို့ ဆိုပါတယ်။

စစ်ရှောင်ဖို့ကြိုးစားနေတဲ့ ကျောက်မဲမြို့ခံတဦးက “ပိုက်ဆံအဆင်ပြေတဲ့သူတွေကတော့ သွားကုန်ကြပြီ တခြားမြို့နယ်တွေပေါ့၊ ရန်ကုန်မြို့။ မတတ်နိုင်တဲ့သူတွေကတော့ အိမ်မှာပဲ အဲလိုမျိုး ရှိတာလေးနဲ့ ကုပ်ကပ်ပြီး နေရတာပါ။ ကားခတွေကလည်း အရမ်းဈေးကြီးတယ်လေ။ ကားခကလည်း မန္တလေးထိကို ၃ သိန်းတဲ့၊ လူတယောက်ပဲ၊ ၂ သိန်း၊ ၃ သိန်းတွေပဲ။ မန္တလေးသွားချင်တာတောင် ခေါ်ပေးမယ့်ကားက သိပ်ပြီး‌တော့ မရှိဘူး ဖြစ်နေတာ။ စခန်းသာအထိပဲ လာပြီးတော့ ခေါ်တာလေ၊ မြို့တွင်းထဲကို မဝင်တော့ဘူး ဖြစ်နေတာ” လို့ ပြောပါတယ်။

လျှပ်စစ်နဲ့ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတာ၊ တိုက်ပွဲတွေကြောင့် လွတ်လွတ်လပ်လပ် သွားခွင့်မရတာတွေကြောင့် မြို့ခံတွေဟာ ကိုယ့်နားက အခြေအနေလောက်ကိုပဲ သိကြတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့မှာ ဒေသခံ ၅ ယောက် လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို ဇူလိုင် ၂၀ ရက် ညနေပိုင်းမှာလည်း ကျောက်မဲမြို့ခံ ၄ ယောက်ကို ဂိတ်စောင့်စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်ပါတယ်။

သျှမ်းကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တဦးက “မြို့ထဲမှာ နှစ်ဖက်တပ်တွေကပေါ့နော် မြို့တွင်း လူနေရပ်ကွက်တွေထဲမှာ။ တဖက်ခြမ်းမှာက TNLA တပ်ကနေထားတယ်၊ တဖက်ခြမ်းမှာက စကစတပ်က နေထားတယ်။ စကစ ကတော့ ကျမတို့သိသလောက်ကတော့ လူနေအိမ်တွေထဲထိ ဝင်ပြီးမှ နေတယ်ပေါ့နော်။ အခုမှရောက်လာတဲ့ စကစ တပ်သားတွေက။ မြို့ခံတွေလည်း စစဦးဆုံး အများကြီး ထွက်သွားကြတာပေါ့။ အများကြီးထွက်သွားပေမဲ့ တိုက်ပွဲခဏငြိမ်တော့ ငါတို့တိုက်ပွဲငြိမ်ပြီဆိုပြီးမှ ပြန်လာကြတာလည်းရှိတယ်။ အဲခါကျတော့ အခုတခါ တိုက်ပွဲကြုံတာပေါ့နော်၊ အဲလိုမျိုးလူတွေလည်း ရှိတယ်ရှင့်။ လူတွေ တော်တော်ကျန်နေသေးတယ်လို့ ပြောရမယ်ရှင့် မြို့ထဲမှာလည်း” လို့ ပြောပါတယ်။

မြို့ခံတယောက်ကတော့ တိုက်ပွဲ ၂၉ ရက်တာအတွင်း ကျောက်မဲမှာ အရပ်သား ဆယ်နဲ့ချီ သေဆုံးခဲ့သလို အရပ်သားနေအိမ် ၅၀ ထက်မနည်း ထိခိုက်ထားကြောင်း ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၃ ရက် နေ့လယ်ပိုင်းအထိ တိုက်ပွဲသံတွေ မကြားရသေးပေမဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ ကင်းထောက်နေပြီး လက်နက်ကြီး ပစ်ခတ်မှုတချို့ ရှိနေကာ စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ သိရပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013