Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် MNDAA ကိုးကန့်ထံ လက်နက်ချအလင်းဝင်
DVB
·
July 23, 2024
Photo-The Kokang

စစ်ကောင်စီတပ်က ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးတွေ အပါအဝင် အရာရှိ စစ်သည် တပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၃၁၇ ဦး MNDAA ကိုးကန့်တပ်ထံ လက်နက်ချ အလင်းဝင်လာတယ်လို့ The Kokang သတင်းဌာနက ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင် ၂၁ ရက် မနက် ၁၀ နာရီလောက်က အာဏာသိမ်းတပ်မှ ဒုဗိုလ်မှူးကြီးတဦးက ဗိုလ်မှူး ၂ ဦးကို ခေါ်ဆောင်လာပြီး ဗိုလ်ကြီး ၅ ဦးနဲ့ တပ်ဖွဲ့ဝင် စုစုပေါင်း ၃၁၇ ဦးတို့ MNDAA တပ်ထံသို့ လက်နက်ချ အလင်းဝင်လာခဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ထုတ်ဖို့ မဟာမိတ်တပ်ဖွဲ့မှာ ပါဝင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MNDAA တပ်ဖွဲ့ နိုင်ငံရေးဌာန/စည်းရုံရေးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး Mr.Qi Guangshun နဲ့အဖွဲ့က လက်ခံကြိုဆိုခဲ့ပြီး အားလုံးရဲ့ လုံခြုံရေး အာမခံချက်ပေးထားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လက်နက်ချသူတွေကို မဟာမိတ်တပ်တွေရဲ့ နိုင်ငံရေးသဘောထား ရပ်တည်ချက်တွေကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သလို ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ ဖျားနာတဲ့ ဝန်ထမ်းတွေကို အချိန်မီ ဆေးဝါးကုသမှု ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ထံက လက်နက်ကြီး အမြောက်၊ သေနတ်တွေနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း ကိုးကန့်တပ်က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီဘက်တော်သားတွေအနေနဲ့ လက်နက်ချ အလင်းဝင်ရောက်လာမယ်ဆိုရင် အသက်ဘေးအန္တရာယ် လုံခြုံရေး အာမခံပေးမှာဖြစ်ပြီး ရာထူးအဆင့်၊ လက်နက်ခဲယမ်း၊ တိုက်ခိုက်ရေးယာဉ်တွေအပေါ် မူတည်ကာ အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၁၀,၀၀၀ အထိ ဆုချီးမြှင့်ပေးမယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က ဇူလိုင် ၁၄ ရက်မှာ အသိပေး ကြေညာထားပါတယ်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) က လားရှိုးထိုးစစ်ဆင်နေတာကို  တရုတ်ကွန်မြူနစ်ပါတီ ညီလာခံကာလ ဇူလိုင် ၁၅ ရက်ကနေ ၁၈ ရက်နေ့ထိ ၄ ရက်ကြာ အပစ်ရပ်ကြေညာခဲ့ပြီး ဒီနောက်မှာလည်း တရုတ်နိုင်ငံရဲ့ တောင်းဆိုချက်ကြောင့် ဇူလိုင် ၁၉ ရက်ကနေ ၃၁ ရက်နေ့ အထိ ထိုးစစ်တွေ ရပ်ထားမယ်လို့ တဖက်သတ် ကြေညာထားပါတယ်။

Photo-The Kokang

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013