Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်က ပစ်ခတ်သဖြင့် အိမ်တချို့ပျက်စီး၊ ပုလောကပြည်သူ ၅ ဦး ဖမ်းဆီးခံရ
DVB
·
August 31, 2024
Photo Crd-ရှုပ်ပုံရွာလေးရဲ့ဓလေ့ထုံးစံ FB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ အိမ်တချို့ ထိခိုက်ခဲ့ပြီး ပုလောမြို့နယ်မှာတော့ ရှုပ်ပုံရွာတိုက်ပွဲမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့ အရပ်သား ၅ ယောက် အခုထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာကတံတားဂိတ်မှာ သြဂုတ် ၂၉ ရက်နေ့ ညနေ ၅ နာရီခွဲလောက်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီက ရွာအရှေ့ကမ်းကိုလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ် ၅ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ညောင်ပင်ကွင်း အရှေ့ကမ်းနဲ့အနောက်ကမ်းကိုဆက်ထားတဲ့ ချောင်းကူးတံတားက စစ်ကောင်စီ ကင်းစခန်းကို KTLA ထီးဆဲ့မယ်ရွာတပ်ရင်းနဲ့People Liberation Army (PLA) အမှတ် ၈ စစ်ဒေသက ရဲဘော်တွေပါဝင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် မိနစ် ၂၀ လောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နှစ်ဖက်ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က နယ်ခံပျူစောထီး ၁ ယောက် နောက်ကျောကို ကျည်စထိမှန် ဒဏ်ရာရသွားပြီး စစ်ကောင်စီတပ်သား ၁ ယောက်လည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။

KTLA ထီးစမဲ့ရွာတပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုစိုင်းညီက “ပျူတယောက်က သေဖို့များတယ်။ သတင်းတော့ ထပ်မကြားရဘူး။ စကစတယောက်ကတော့ မျက်လုံးမှာထိတာ မသေဘူးသိရတယ်။ ကျနော်တို့ဘက်က စပစ်ခတ်တာပါ။ သူတို့ဘက်က လက်နက်ကြီး ၈ လုံး၊ ၉ လုံးလောက် ရွာအရှေ့ဘက်ကမ်းကို ပြန်ပစ်တယ်” လို့ ပြောပါတယ်။

ညောင်ပင်ကွင်းရွာအရှေ့ကမ်းနဲ့ ၁ မိုင်အကွာမှာ ခမရ ၅၆၁ တပ်ရင်းရှိပြီး ရွာအနောက်ကမ်းဘက်က တံတားမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက ကင်းစခန်းချထားတာဖြစ်တယ်လို့ သိရပါတယ်။

ရွာအ‌ရှေ့ဘက်ကို လက်နက်ကြီးနဲ့ ပစ်တာကြောင့် လူနေအိမ် ၅ လုံး ပျက်စီးခဲ့ပြီး ပစ်ခတ်မှု စဖြစ်ကတည်းက ကြိုတင်တိမ်းရှောင်ခဲ့ကြလို့ လူတွေ ထိခိုက်တာတော့ မရှိဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။

ပုလောမြို့နယ်မှာတော့ ဩဂုတ်လ ၂၈ ရက်နေ့က ရှုပ်ပုံရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဖမ်းဆီးထားတဲ့ အရပ်သား ၅ ယောက်ကို အခုထိ ပြန်မလွှတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၈ ရက်နေ့နဲ့ ၂၉ ရက်က အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းက ရေလမ်းကနေတဆင့် ရှုပ်ပုံရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲခဲ့ဖြစ်ခဲ့ပါတယ်။

ဒေသခံတယောက်က “၂၈ ရက်နေ့မှာ ၃ ယောက်၊ ၂၉ ရက်နေ့မှာ ၂ ယောက် စစ်ကောင်စီက ဖမ်းဆီးလိုက်တာပါ။ ၅ ယောက်စလုံး အမျိုးသားတွေချည်းပဲ။ ရွာသားတွေကို သတင်းပေးလို့ စွပ်စွဲချက်နဲ့ ပျူစောထီးတွေက ဖမ်းခိုင်းတာပါ” လို့ ပြောပါတယ်။

အခုလက်ရှိမှာတော့ စစ်ကောင်စီစစ်ကြောင်းဟာ ရှုပ်ပုံရွာ၊ ဝါးတန်းရပ်ကွက်က ဘုန်းကြီးကျောင်းမှာ လက်နက်ကြီးတပ်ဆင်ထားပြီး စခန်းအထိုင်ချထားတယ်လို့ PDF မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်း ဆီက သိရပါတယ်။

PDF မြိတ်ခရိုင်၊ အမှတ် ၁ တပ်ရင်းရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ (စကစ)က ဝါးတန်းဘုန်းကြီးကျောင်းမှာ စခန်းချထားတော့ ရွာသားတွေကို အဲဒီဘုန်းကြီးကျောင်းမှာပဲ ဖမ်းဆီးထားတယ်လို့ ယူဆရလိမ့်မယ်” လို့ ဖမ်းဆီးခံရတဲ့ အရပ်သားတွေရဲ့ အခြေအနေကို ပြောပါတယ်။

ပုလောမြို့နယ်၊ ရှုပ်ပုံရွာက အရပ်သားတွေဟာ တိုက်ပွဲဖြစ်တဲ့နေ့ သြဂုတ် ၂၈ ရက်နေ့မှာပဲ နီးစပ်ရာတောတောင်တွေနဲ့ ဆွေမျိုးတွေဆီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ တပ်ရင်း ၁ နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော်(KNDO) တပ်ခွဲ ၅ တို့ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013