Home
မြန်မာသတင်း
နွားထိုးကြီးတွင် စစ်တပ် ဗုံးကြဲသဖြင့် ပြည်သူ ၁ ဦးသေ၊ ခင်ဦးက ပျူရွာ တိုက်ခိုက်ခံရပြီး အသေများ
DVB
·
September 1, 2024
Photo - နွားထိုးကြီး ပကဖ တပ်ဖွဲ့ဝင်တဦး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မှာ စစ်တပ်က ဗုံးကြဲလို့ အမျိုးသမီး ၁ ယောက်သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီးခဲ့သလို စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်းလှ ပျူစောထီးရွာကို ဒေသခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်လို့ ပျူစောထီး အများအပြား သေဆုံးခဲ့ပါတယ်။

နွားထိုးကြီးမြို့နယ်က ထနောင်းပင်ကုန်းကျေးရွာနဲ့ ကျွန်းဒေါင့်ကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၃၁ ရက်နေ့၊ မနက် ၁ နာရီခွဲဝန်းကျင်မှာ လေကြောင်းကနေဗုံးကြဲချသွားတဲ့အတွက် အမျိုးသမီး ၁ ယောက် သေဆုံးပြီး ဘုန်းကြီးကျောင်း အဆောက်အဦတွေ အပါအဝင် လူနေအိမ် ၃ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ရွာ ၂ ရွာလုံးကို ညသန်းခေါင်ကြီး ဂျက်ဖိုက်တာနဲ့ အသားလွတ်ဗုံး ၁ လုံးလာချသွားတယ်။ ထနောင်းပင်ရွာက ရွာခံ အသက် ၄၀ ကျော် အမျိုးသမီး ၁ ယောက်ဆုံးသွားပြီး နွား ၂ ကောင်လည်းသေတယ်။ အိမ် ၂ လုံးကတော့ အတော်လေးပျက်စီးသွားတယ်ဗျ။ ဒဏ်ရာရတဲ့သူ အခြေအနေတွေကိုတော့ ထပ်ပြီး စုံစမ်းနေဆဲပါ။ ဒီဘက်မှာ အခုတလော ငြိမ်နေတယ်။ တိုက်ပွဲတွေဘာတွေဖြစ်တာမရှိဘူး” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ထနောင်းပင်ကျေးရွာကိုသာမက ကျွန်းဒေါင့်ကျေးရွာကိုလည်း တချိန်တည်းမှာ လေကြောင်းကနေဗုံးကြဲချခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်တွေ ပျက်စီးကုန်တယ်လို့ သိရပါတယ်။

နွားထိုးကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ထနောင်းပင်ရွာ တောင်ဘက်ပိုင်းက ဘုန်းကြီးကျောင်းထဲကို ဗုံး ၂ လုံးချလို့ ကျောင်းထဲက ကျောင်းဆောင်တွေ အကုန်ပျက်စီးကုန်တယ်။ အုတ်တံတိုင်းတွေရောပဲ။ ကျောင်းနားက အိမ်တချို့လည်း ပျက်စီးတယ်။ အိမ် ၁ လုံးကတော့ လုံးဝကိုပျက်စီးသွားတယ်ဗျ။ ဘုန်းကြီးကျောင်းက ရဟန်းသံဃာတွေနဲ့ လူတွေထိခိုက်တာတော့ မရှိဘူးလို့သိရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာအုပ်စု၊ ကွမ်းအုံကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တဲ့အတွက် ဒေသခံပြည်သူ ၂ ယောက် သေဆုံးပြီး ရဟန်း ၁ ပါးအပါအဝင် ရွာခံပြည်သူ ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရပါသေးတယ်။

နွားထိုးကြီးမြို့နယ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတွေဘက်က စစ်ကောင်စီ တပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထားတာကြောင့် မြေပြင်မှာအထိနာနေတဲ့ စစ်ကောင်စီတပ်က ကျေးရွာတွေကိုပစ်မှတ်ထား လေကြောင်းပစ်ကူတွေနဲ့ တောက်လျှောက်ပစ်ခတ်နေတယ်လို့လည်း ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာတော့ မဒေါင်းလှ ပျူရွာက စစ်ကောင်စီ၊ ပျူ ပူးပေါင်းတပ်နဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်တို့ ဩဂုတ် ၃၁ ရက်နေ့ မနက် အစောပိုင်း ၃ နာရီကျော်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အသေအပျောက်များတယ်လို့ သိရပါတယ်။

တိုက်ပွဲကြောင့် လက်နက်ကြီးတွေဟာ ရွာနားဝန်းကျင်ကိုကျသလို လေယာဉ်နဲ့လည်း လာပစ်တာကြောင့် မဒေါင်းလှရွာနားက မဒေါင်းကြီးရွာ၊ ဖန်းခါးကုန်းရွာ၊ ငကြိုင်းရွာ၊ ဆီဆုံ၊ လေးရွာနဲ့  တောင်ယာတောတွေမှာနေထိုင်တဲ့  ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့  မဒေါင်းကြီးရွာခံတယောက်က ပြောပါတယ်။

မြေပြင်တိုက်ခိုက်ရေးမှာ ပါဝင်နေတဲ့ ရဲဘော်တယောက်က “စခန်းသိမ်းဖို့ ကျနော်တို့ဘက်က စပြီး ချဉ်းကပ်တာပေါ့။ တိုက်ပွဲစတာက မနက်ခင်း ၃ နာရီကျော်စဖြစ်တာ။ စစ်တပ်ဘက်က တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၄ စီးနဲ့ လေကြောင်းပစ်ခတ်မှု ၁၁ ကြိမ်ပြုလုပ်တယ်။ ညနေပိုင်းအထိ လေယာဉ်က ဝဲနေတုန်းရှိသေးတယ်။ မနက်ပိုင်း ကျနော်တို့ဘက်က ရွာထဲအထိ ဝင်ရောက်နိုင်တယ်။ ကျနော်တို့ စခန်သိမ်းနိုင်ဖို့ ဘုန်းကြီးကျောင်းထဲက ခုခံနေတဲ့ စခနဲ့ပျူတွေပဲ ကျန်နေတဲ့အချိန် လေကြောင်းကနေ စစ်ကူလာလို့  ရွာကို အပြည့်အဝ မထိန်းချုပ်နိုင်သေးပဲဖြစ် နေတာ။ အခုအချိန်အထိ စစ်ရေးအခြေအနေကတော့ တင်းမာနေဆဲပါပဲ” လို့ ပြောပါတယ်။

DVB ရဲ့သီးခြားအတည်ပြုချက်အရ စစ်ကောင်စီ ထောက်ခံတဲ့ ပျူစောထီးအများအပြား သေဆုံးခဲ့တယ်လို့ သိရပြီး အရေအတွက်ကိုတော့ မသိရသေးပါဘူး။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ရဲဘော် ၂ ယောက် ဒဏ်ရာရခဲ့ပြီး အသေးစားဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့ သိရပါတယ်။

ပြီးခဲတဲ့ ဩဂုတ် ၁၈ ရက်နဲ့ ၁၉ ရက်ကလည်း မဒေါင်းလှပျူရွာကို ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးခဲ့တာကြောင့် စခန်းမသိမ်းနိုင်ဘဲ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024